ဆင်းရဲနွမ်းပါးမှုနဲ့ ခြိမ်းခြောက်မှုတွေကြား ရင်းချောင်းတောင်တန်းပေါ်က တရားမျှတရေး မျှော်လင့်ချက်
အလုပ်အကိုင် ရှားပါးလှတဲ့ ရခိုင်မှာ တောင်ယာတွေကို မှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုနေရတဲ့ ဒေသခံတွေ အများကြီး ရှိပါတယ်။ တောတောင်တွေနဲ့ နီးတဲ့ ဒေသက လူတွေအတွက် ဒီတောဒီတောင်တွေဟာ ဘဝရှင်သန် ရပ်တည်ဖို့နဲ့ အနာဂတ်တွေအတွက် အားကိုးရတဲ့ တစ်ခုတည်းသော အရာ ဖြစ်ပါတယ်။
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်က မြို့ပြနဲ့ အလှမ်းဝေးတဲ့ ရင်းချောင်းဒေသရဲ့ စိမ်းစိုးအုံမှိုင်တဲ့ တောင်တန်းကြီးတွေဟာ အနီးအနား ကျေးရွာတွေက ဆင်းရဲနွမ်းပါးတဲ့ ဒေသခံတွေအတွက် စားဝတ်နေရေး အဓိက မှီခိုအားထားရာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဧပြီလရဲ့ နွေရာသီ ရက်တွေဟာ အသက် ၁၄ နှစ်အရွယ်နဲ့ အသက် ၈ နှစ်အရွယ် ညီအစ်မနှစ်ဦးအတွက် စိတ်ဒဏ်ရာ ကြီးစွာ ကျန်ရစ်စေခဲ့တဲ့ ခါးသီးဆိုးရွားတဲ့ အဖြစ်အပျက်ဆိုးကြီး တစ်ခုဟာလည်း ဒီတောင်တန်းကြီးတွေမှာ ဖြစ်ပွားခဲ့ရပါတယ်။
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအုပ်စု ကျေးရွာတစ်ရွာက ဒီညီအစ်မနှစ်ဦးရဲ့ မိသားစုဟာ ဆင်းရဲနွမ်းပါးလှတဲ့အတွက် ရင်းချောင်း တောင်တန်းမှာ ယာခင်း အငှားစောင့်အဖြစ် လုပ်ကိုင်ကာ ဝမ်းစာ ရှာဖွေနေကြတာ ဖြစ်ပါတယ်။ ဒီလို ရိုးသားလှတဲ့ မိဘတွေရဲ့ ရိုးသားမှုနဲ့ ဆင်းရဲနွမ်းပါးမှုကို အခွင့်ကောင်းယူပြီး အသက် ၄၀ ကျော်အရွယ် ယာခင်းပိုင်ရှင်က အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို မညှာမတာ ကျူးလွန်ခဲ့တာပါ။
အသက် ၁၄ နှစ်အရွယ် အစ်မဖြစ်သူဟာ ဧပြီလ ဒုတိယပတ်လောက်က ယာတဲမှာ မီးထွန်းဖို့ ဆိုလာပြား သွားယူရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျူးလွန်သူ ယာခင်းပိုင်ရှင်နဲ့အတူ ရွာဆီ လိုက်ပါသွားခဲ့ရပါတယ်။
“သူက ကျွန်မ အမျိုးသားကို ပြောတယ်၊ အစ်ကိုရေ တဲမှာ မီးထွန်းဖို့ လိုတဲ့အတွက် ခုခေါက် ရွာပြန်ရင် ဆိုလာပြား ယူခဲ့မယ်၊ ဒါကြောင့် ကျွန်မ သမီးကို ခေါ်သွားရမယ် ဆိုပြီး ပြောတယ်၊ ပြီးတော့ ရွာမှာ တစ်ညအိပ်ပြီး မနက်စောစော ပြန်တက်လာမယ် သူ ပြောခဲ့တယ်” လို့ မိခင်ဖြစ်သူက ပြောပြပါတယ်။
ပုံမှန် သွားမယ်ဆိုရင် ရွာကနေ မနက်စောစောကတည်းက ထွက်လာရင် နေ့လယ် ၂ နာရီလောက်ဆိုရင် ရင်းချောင်း တောင်တန်းက သူတို့ရဲ့ ယာတဲဆီ ရောက်ပါတယ်။ ဒါပေမဲ့ ယာခင်းရှင်ဟာ တမင်တကာ လမ်းမှားကို ခေါ်ဆောင်သွားပြီး တောနက်ကြီးထဲ ညအိပ်ဖို့ ကြံစည်ကာ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာပါ။
ဒီလို ခါးသီးတဲ့ အမှန်တရားကို မိဘနှစ်ပါးဟာ အသက် ၈ နှစ်အရွယ် ညီမဖြစ်သူပါ လိင်ပိုင်းဆိုင်ရာ စော်ကားခံရကြောင်း ဖွင့်ဟလာမှ သိခဲ့ရတာ ဖြစ်ပါတယ်။
“အငယ်မလေးကို ပိုက်ဆံ ၄,၀၀၀ နဲ့ လက်ဖက်ရည်ထုပ် တစ်ထုပ် ပေးပြီးတော့ မတော်တရော်တွေ လုပ်ခိုင်းလို့ ကလေးက ကျွန်မတို့ကို ပြန်တိုင်တဲ့ အခါကျမှ သိရတာပါ။ အဲဒီခါကျမှ သမီးကြီးက ပြောပြတာ။ အစတုန်းက ကျွန်မတို့ကို လုံးဝ ပြန်မပြောပြပါဘူး။ သမီးက ယာခင်းရှင်ကို သမီး မိဘတွေကို ပြန်ပြောလိုက်မယ်ဆိုပြီး ပြောတော့ ‘နင် ပြောပြလိုက်ရင် နင်လည်း အရှက်ကွဲမှာ၊ ငါလည်း အရှက်ကွဲမှာ။ နောက်ပြီး နင်တို့စကားကိုလည်း ဘယ်သူမှ ယုံမှာ မဟုတ်ဘူး’ ဆိုပြီး သမီးကို ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။ ယာတဲကို ပြန်ရောက်တော့ သမီးက ကျွန်မကို ‘နောက်တစ်ခါဆိုရင် ယာခင်းရှင်နဲ့ ရွာပြန် မလိုက်တော့ဘူး’ ဆိုပြီးတော့ပဲ ပြောပါတယ်” လို့ မိခင်ဖြစ်သူက ရင်ဖွင့်ပါတယ်။
အဲဒီနောက် မိဘတွေဟာ သူတို့ရွာရဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားရောက် တိုင်ကြားခဲ့ပေမဲ့ အမှုဟာ အကြောင်းအမျိုးမျိုးကြောင့် သက်ဆိုင်ရာ DLEPS ဌာန (အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန) ကို မရောက်ဘဲ ကြန့်ကြာနေခဲ့တယ်လို့ အမှုကို လိုက်ပါ ကူညီပေးနေတဲ့ အမျိုးသမီးက ပြောပြပါတယ်။
“အမှုဖြစ်နေတာကို ကြားထားတာ ၁ ပတ်လောက်ရှိပြီ၊ ဘာမှ ထူးမလာလို့ ကလေးမလေးရဲ့ အမေကို ခေါ်မေးတာ အုပ်ချုပ်ရေးမှူးဆီ တိုင်ထားတယ်လို့ပဲ ပြောတယ်၊ သေချာ စုံစမ်းကြည့်မှ အဲဒီအမှုက DLEPS ဆီကို မရောက်သေးဘူး၊ တိုင်ချက် မဖွင့်ရသေးဘူး၊ တရားခံကလည်း ဒီအတိုင်း လျှောက်သွားနေတယ်” လို့ သူမက ပြောပါတယ်။
DLEPS ဆီမှာ အမှုဖွင့်တော့လည်း မွေးစာရင်း မရှိတာကြောင့် အခက်အခဲ ဖြစ်ခဲ့ရသလို ကျန်းမာရေး စစ်ဆေးချက်တွေကိုလည်း ဖြစ်ပွားပြီး ၁ လကျော်မှ ပြုလုပ်ခဲ့ရတာ ဖြစ်တယ်လို့ ဆက်ပြောပြပါတယ်။
“DLEPS ဆီမှာ အမှုဖွင့် တိုင်ကြားတဲ့ အခါလည်း ကလေးငယ်တွေမှာ မွေးစာရင်း မရှိလို့ အမှုဖွင့်မရ ဖြစ်နေတယ်။ ကလေးတွေ ကျောင်းနေခဲ့တယ်လို့ သိရလို့ ကျောင်းအုပ်ကြီးဆီ သွားပြီး ထောက်ခံစာ သွားယူရသေးတယ်၊ ပြီးမှ အမှုဖွင့်ရတာ။ ကိုယ်ဝန်၊ HIV၊ ကာလသားရောဂါ စစ်ဆေးမှုတွေ စတဲ့ ဆေးစစ်တာတွေကိုလည်း ဒီကို ရောက်မှ အကုန် လုပ်ရတာ။ မိဘတွေက နွမ်းပါးကြတော့ တချို့ကိစ္စတွေဆို သိပ်မသိကြဘူးလေ” လို့ သူမက ဆက်ပြောပြပါတယ်။
အဲဒီအမှုကို သက်ဆိုင်ရာ DLEPS ဌာနမှာ မေလ ၁၄ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ပြီးတဲ့နောက် တရားခံဟာ ထွက်ပြေး တိမ်းရှောင်နေခဲ့ပေမဲ့ ရက်ပေါင်း ၇၆ ရက်အကြာ ပြီးခဲ့တဲ့လ ဇူလိုင်လ ၂၉ ရက်နေ့မှာ ကျူးလွန်သူကို DLEPS က ဖမ်းဆီးနိုင်ခဲ့တာပါ။
“သူ ထွက်ပြေးသွားတုန်းက ပါသွားတဲ့ ငွေတွေ ကုန်သွားလို့ အိမ်ပြန်လာပြီး သူ့မိန်းမဆီ လာတောင်းတာ။ အဲဒီမှာ ဖမ်းမိတာ။ သူ့မိန်းမက ထပ်မပေးတော့ အရက်မူးမူးနဲ့ တခြားတစ်ယောက်ရဲ့ အိမ်မှာ ဝင်အိပ်နေချိန်မှာ ဖမ်းမိတာ။ သူ ရောက်နေတာကို လာတိုင်တဲ့သူ ရှိလို့ DLEPS က လာဖမ်းတာ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
လက်ရှိမှာတော့ သံသယရှိသူဟာ ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုထားပြီး အမှုကို ခိုင်မာစွာ တည်ဆောက်နိုင်ရေးနဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ဖို့ တရားလိုတွေကို DLEPS ဌာနဆီ ဆင့်ခေါ်ကာ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆက်လက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ မြို့ပြနဲ့ အလှမ်းဝေးတဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသခံတွေမှာ ကြုံတွေ့နေရတဲ့ ဘဝစိန်ခေါ်မှုတွေနဲ့ ဥပဒေရေးရာ အကာအကွယ် ရရှိရေး အခက်အခဲတွေကို မီးမောင်းထိုးပြနေတာပါ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလိုမျိုး ကြီးလေးတဲ့ ပြစ်မှုမျိုးကို ကျေးရွာ အုပ်ချုပ်ရေး အဆင့်တွေဆီ တိုင်ကြားခဲ့ပေမဲ့လည်း သက်ဆိုင်ရာ ရဲစခန်းဆီ အချိန်မီ မရောက်ရှိဘဲ ကြန့်ကြာခဲ့တာဟာ အမှု စစ်ဆေးရေးနဲ့ သက်သေအထောက်အထား ရရှိစေရေးအတွက် ကြီးမားတဲ့ အဟန့်အတားတစ်ခု ဖြစ်စေခဲ့ပါတယ်။
ဒါ့ပြင် မွေးစာရင်း မရှိတာကြောင့် အမှုဖွင့်ရ ခက်ခဲ့သလို ကျန်းမာရေး စစ်ဆေးမှုတွေဟာလည်း နောက်ကျခဲ့ရတဲ့အတွက် အမှုအတွက် အရေးပါတဲ့ ဆေးစစ်ချက် သက်သေအထောက်အထား အချို့ ပျောက်သွားရနိုင်တဲ့ အန္တရာယ်ကိုလည်း ကြုံတွေ့ခဲ့ရတာပါ။
နောက်ပြီး ကျူးလွန်သူက မိသားစုရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ကလေးငယ်တွေရဲ့ အရှက်တရားကို ခုတုံးလုပ်ပြီးတော့ “နင် ပြောပြလိုက်ရင် နင်လည်း အရှက်ကွဲမှာ၊ ငါလည်း အရှက်ကွဲမှာ။ နောက်ပြီး နင်တို့စကားကိုလည်း ဘယ်သူမှ ယုံမှာ မဟုတ်ဘူး” ဆိုပြီး ခြိမ်းခြောက်ခဲ့တာဟာ အားနည်းသူတွေအပေါ် အခွင့်ကောင်းယူတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ နာကျင်ဖွယ်ရာ ဖြစ်ပေမဲ့လည်း နှုတ်ဆိတ်နေလိုက်ခြင်းက ကျူးလွန်သူကို ပိုမို ရဲတင်းလာစေတယ်ဆိုတဲ့ သင်ခန်းစာကို ဒီအမှုက မီးမောင်းထိုး ပြသနေတာပါ။
လက်ရှိမှာ သံသယရှိသူကို ဖမ်းဆီးရမိထားပြီ ဖြစ်ပေမဲ့လည်း ကျူးလွန်ခံရတဲ့ ကလေးငယ်တွေအတွက် ထိုက်တန်တဲ့ တရားမျှတမှု ရရှိစေဖို့နဲ့ နောက်ထပ် ကလေးငယ်တွေ မလိုလားအပ်တဲ့ ဒုက္ခ မရောက်ရအောင် ဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုတွေကို စောင့်ကြည့်ရမှာ ဖြစ်သလို ဝေးလှံခေါင်သီတဲ့ ဒေသတွေက ဆင်းရဲနွမ်းပါးသူတွေ ဥပဒေ အကာအကွယ် အပြည့်အဝ ရရှိရေးအတွက် လူမှုအဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေဘက်က ထောက်ပံ့ ကူညီမှုတွေ ပိုမို လိုအပ်နေဆဲ ဖြစ်ပါတယ်။
CJ 009
