အမျိုးသမီးတွေအတွက် Screen နောက်ကွယ်က အကြမ်းဖက်ခံရမှု
ကိုယ့်ဓာတ်ပုံနဲ့အတူ အွန်လိုင်းပေါ်မှာ ပိုက်ဆံချေးထားတယ်ဆိုပြီး အကြွေးတောင်းတဲ့ပို့စ်တွေ ပျံ့နှံ့နေတာကို တွေ့လိုက်ရချိန်မှာ နေ့စဉ်သွားလာနေတဲ့ ပတ်ဝန်းကျင်မှာတောင် မျက်နှာမပြရဲသလို ခံစားခဲ့ရတယ်လို့ အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာမ မမြ (အမည်လွှဲ) က ပြောပြပါတယ်။
မမြရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံကို ကူးယူပြီး အကောင့်အတုဖွင့်ကာ မမြကိုယ်တိုင် ငွေကျပ် ၅ သိန်း ချေးယူထားသလို ပြုလုပ်ခံခဲ့ရတာပါ။ TikTok၊ Facebook Messenger စတဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ သူ့ဓာတ်ပုံကို အသုံးပြုပြီး အကြွေးလာတောင်းတာတွေ ဖြစ်လာချိန်မှ ဒီကိစ္စကို စတင်သိရှိခဲ့ရတာလို့ ဆိုပါတယ်။
ကိုယ့်ပုံနဲ့ အကြွေးတောင်းတဲ့ပို့စ်တွေကို တွေ့လိုက်ရချိန်မှာ အရမ်းဝမ်းနည်းခဲ့သလို ရှက်လည်းရှက်ခဲ့ရတယ်လို့ မမြက ပြောပါတယ်။ အပြင်ထွက်တဲ့အခါ လူတွေက ကိုယ့်ကိုကြည့်ရင် ဒီဖြစ်စဉ်ကို သူတို့သိနေကြလို့ ကြည့်နေတာလားဆိုတဲ့ အတွေးတွေ ဝင်လာခဲ့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း လျော့နည်းလာခဲ့ပါတယ်။ အပြင်ထွက်တိုင်း လုံခြုံမှုမရှိသလို ခံစားလာရပြီး ကိုယ့်ကိုယ်ကိုလည်း အရမ်းသိမ်ငယ်လာခဲ့တယ်လို့ သူက ပြောပြပါတယ်။
ဒေါသထွက်ပြီး စိတ်တိုခဲ့ရသလို “ဘယ်သူလုပ်တာလဲ၊ ဘာကြောင့် ကိုယ့်ကို ဒီလိုလုပ်ရတာလဲ” ဆိုတဲ့ အတွေးတွေနဲ့လည်း စိတ်ပူပန်ခဲ့ရပါတယ်။ ဒီလိုလုပ်တဲ့သူကို ဘယ်လိုရှာဖွေရမလဲ၊ ဘာလုပ်ရမလဲဆိုတဲ့ အတွေးတွေနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းခဲ့ရတယ်လို့ မမြက ဆိုပါတယ်။
မမြကိုယ်တိုင် ငွေမချေးခဲ့ရပေမဲ့ သူ့ဓာတ်ပုံကို အသုံးပြုပြီး အွန်လိုင်းပေါ်မှာ အကြွေးတောင်းခံရတာဟာ အွန်လိုင်းအကြမ်းဖက်မှု ပုံစံတစ်မျိုးဖြစ်တယ်လို့ အမျိုးသမီးအရေးကို တက်ကြွစွာ လုပ်ဆောင်နေသူတစ်ဦးက သုံးသပ်ပါတယ်။
အခုနောက်ပိုင်းမှာ အမျိုးသမီးတွေဟာ အွန်လိုင်းအကြမ်းဖက်မှု ပုံစံမျိုးစုံကို ပိုမိုကြုံတွေ့လာရတယ်လို့လည်း သူက ပြောပါတယ်။
အွန်လိုင်းပေါ်မှာ အမျိုးသမီးတွေ အများဆုံးကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ သမီးရည်းစားဆက်ဆံရေးအဖြစ် ဖျားယောင်းမြူဆွယ် ချဉ်းကပ်တာတွေလည်း ပါဝင်ပါတယ်။ အဲဒီနောက် လိင်ပိုင်းဆိုင်ရာ စကားပြောဆိုမှုတွေ (sex chat) လုပ်ဖို့၊ ဓာတ်ပုံတွေနဲ့ အဝတ်အစားမပါတဲ့ပုံတွေ ပို့ပေးဖို့ တောင်းဆိုကြပြီး နောက်ပိုင်းမှာ အဲဒီပုံတွေကို အွန်လိုင်းပေါ် ဖြန့်မယ်လို့ ခြိမ်းခြောက်ကာ ငွေညှစ်တာတွေ ရှိတယ်လို့ သူက ပြောပြပါတယ်။
“သမီးရည်းစားဆက်ဆံရေးနဲ့ အစပျိုးဖို့ဆို အမျိုးသမီးလေးတွေက ပိုလွယ်ကူလို့ပါ။ လူမှုအသိုင်းအဝိုင်းက ပြင်ပမှာ ယောကျ်ားလေးတွေနဲ့ သွားလာပြောဆိုခြင်းအပေါ် တင်းကျပ်တဲ့ သတ်မှတ်ချက်တွေ၊ တံဆိပ်ကပ်မှုတွေ ရှိကြတဲ့အခါ အွန်လိုင်းပေါ်မှာတော့ ပြင်ပထက် ပိုမိုလွတ်လပ်စွာ ဆက်သွယ်ပြောဆိုနိုင်ကြတာ၊ မိဘတွေကလည်း အွန်လိုင်းအသုံးပြုမှုအပေါ် စောင့်ကြည့်ပါဝင်မှု အားနည်းကြတာလို့ မြင်ပါတယ်” လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူက ပြောပါတယ်။
နောက်ထပ်ကြုံတွေ့နေရတဲ့ အန္တရာယ်တစ်ခုကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ဖြားယောင်းပြီး လူကုန်ကူးတာပါ။ ဥပမာ တရုတ်နိုင်ငံမှာ ဇနီးအဖြစ် ရောင်းစားခံရတာ၊ အိုမန်လို နိုင်ငံတွေကို ပို့ဆောင်ခံရပြီး လုပ်အားခေါင်းပုံဖြတ်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာတွေ ရှိတယ်လို့ သူက ရှင်းပြပါတယ်။ ဒါ့အပြင် ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ငွေကြေးလိမ်လည်မှုတွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုမှု များလာတာနဲ့အမျှ အွန်လိုင်းအကြမ်းဖက်မှုတွေမှာ အသုံးပြုတဲ့ နည်းလမ်းတွေလည်း ပြောင်းလဲလာတယ်လို့ သူက သုံးသပ်ပါတယ်။
“AI နည်းပညာတွေ အသုံးများလာတဲ့အခါမှာလည်း ဒီလိုပြဿနာတွေအပေါ် သက်ရောက်မှုပုံစံ ပြောင်းလဲလာကြပါတယ်။ ဥပမာ ရုပ်ပုံတွေ ဖြတ်ညှပ်ကပ်လုပ်ရတာ ပိုလွယ်လာတယ်၊ အသံဖိုင်အတုတွေ ပိုပြီး အသုံးဝင်လာတယ်။ လူတွေရဲ့ စိတ်ဝင်စားမှုကို AI က အလွယ်တကူ ရှာဖွေသိရှိနိုင်တာကြောင့် သတိထားပြီး သေချာအသုံးပြုတတ်ဖို့ လိုအပ်ပါလိမ့်မယ်” လို့ သူက ပြောပါတယ်။
အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခံရမှုကို ကြုံတွေ့ခဲ့ရသူတစ်ဦးကတော့ တက္ကသိုလ်တက်နေဆဲ အသက် ၂၂ နှစ်အရွယ် မပန်းကလေး (အမည်လွှဲ) ဖြစ်ပါတယ်။ သူဟာ အွန်လိုင်းကနေ ပစ္စည်းမှာယူရာမှာ ငွေကျပ် ၃ သိန်းခွဲ လိမ်လည်ခံခဲ့ရတယ်လို့ ပြောပြပါတယ်။
“အွန်လိုင်းကနေ ပစ္စည်းတစ်ခု မှာယူခဲ့ရာမှာ ရောင်းချသူဘက်က ပစ္စည်းဖိုးကို အရင်ငွေလွှဲပေးဖို့ ပြောခဲ့ပါတယ်။ အွန်လိုင်းကနေ ပစ္စည်းဝယ်ယူတာ အစပိုင်းဖြစ်တာကြောင့် ဘာမှမစဉ်းစားမိဘဲ သူတို့ပြောတဲ့အတိုင်း ငွေအရင်လွှဲပေးခဲ့ပါတယ်။
“ငွေလွှဲပြီးတဲ့နောက် ပစ္စည်းရောက်မလာတာကြောင့် ဖုန်းဆက်တာ၊ စာပို့တာတွေ လုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဆက်အသွယ်အားလုံး ဖြတ်တောက်သွားခဲ့ပါတယ်။ ဖုန်းဆက်လို့မရသလို စာပို့လို့လည်း မရတော့ပါဘူး။
“ပစ္စည်းလည်းမရ၊ ဆက်သွယ်လို့လည်း မရတော့တဲ့အချိန်မှာ ဒေါသထွက်ပြီး စိတ်တိုလာသလို စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းခဲ့ရပါတယ်။ ငွေကြေးဆုံးရှုံးသွားမှုနဲ့အတူ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း စတင်ခံစားလာရပါတယ်။ အွန်လိုင်းကနေ ပစ္စည်းဝယ်ယူဖို့နဲ့ လူတွေနဲ့ စကားပြောဆက်သွယ်ဖို့တောင် ကြောက်ရွံ့စိုးရိမ်လာခဲ့ပါတယ်” လို့ မပန်းကလေးက ပြောပါတယ်။
အွန်လိုင်းကနေ လိမ်လည်ခံရတာ၊ အကြမ်းဖက်ခံရတာတွေ ကြုံတွေ့လာရရင် အွန်လိုင်းအကြမ်းဖက်မှုတွေကို တိုင်ကြားနိုင်ပြီး လိုအပ်တဲ့အကူအညီ ရယူနိုင်တဲ့ Stop Online Harm လို အဖွဲ့အစည်းတွေဆီ ဆက်သွယ်နိုင်တယ်လို့ အဲဒီအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အွန်လိုင်းအကြမ်းဖက်ခံရတဲ့အခါ အရင်က မျှဝေထားဖူးတဲ့ ကိုယ်ရေးအချက်အလက်တွေကို ပြန်လည်စစ်ဆေးပြီး ဖယ်ရှားတာ၊ ကိုယ့်ကိုကာကွယ်ပေးနိုင်မယ့် ပို့စ်တွေကို နီးစပ်သူတွေရဲ့ အကူအညီနဲ့ မျှဝေတာတွေ လုပ်ဆောင်နိုင်တယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက အကြံပြုပါတယ်။
“ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပံ့ပိုးပေးနိုင်မယ့် ယုံကြည်ရသူတစ်ဦးဦးကို ရင်ဖွင့်ပြောပြပြီး အကူအညီတောင်းတာမျိုးတွေ လုပ်လို့ရနိုင်ပါတယ်။ ခြိမ်းခြောက်သူရဲ့ အချက်အလက်တွေ ကိုယ့်မှာရှိရင်လည်း ကိုယ့်ဘက်ကနေ သူ့ကို တိုင်ကြားတာ၊ တရားစွဲတာတွေ လုပ်ချင်ပါက လုပ်နိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ကိုယ့်ဓာတ်ပုံနဲ့ အကြွေးတောင်းခံရတဲ့ ဆရာမ မမြဟာ သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ဖြေရှင်းဖို့ သူငယ်ချင်းတွေဆီ အကူအညီတောင်းခဲ့ပေမဲ့ သူငယ်ချင်းတွေကိုယ်တိုင်လည်း အွန်လိုင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံနည်းပါးသူတွေ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူတို့ပေးတဲ့ အကြံပြုချက်တွေနဲ့ ရွေးချယ်ပေးတဲ့ ဖြေရှင်းနည်းတွေထဲမှာ တစ်ခါတလေ မှားယွင်းမှုတွေ ရှိခဲ့တယ်လို့ မမြက ပြောပါတယ်။
“လုပ်တဲ့လူကို သိနေရင်တောင် ဘယ်လိုပြန်ပြီး လုပ်ဆောင်ရမလဲဆိုတဲ့ လမ်းစဉ်ကို ကိုယ်တိုင်မသိတာမျိုး ကြုံခဲ့ရပါတယ်” လို့ သူက ဆက်ပြောပါတယ်။
နောက်ပိုင်းမှာတော့ သူ့ကို သိက္ခာချနေတဲ့ အကောင့်ကို သူငယ်ချင်းတွေက ဝိုင်းဝန်းတိုင်ကြား (Report) လုပ်ပေးခဲ့ကြတယ်လို့ မမြက ဆိုပါတယ်။
အွန်လိုင်းအကြမ်းဖက်မှုတွေကို ထိရောက်စွာ ကာကွယ်ဖြေရှင်းနိုင်ဖို့ လူမှုကွန်ရက်ပလက်ဖောင်းတွေဘက်ကလည်း ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာ စနစ်တွေကို ပိုမိုတင်းကျပ်သင့်တယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပါတယ်။ ဒါ့အပြင် ပလက်ဖောင်းတွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မူဝါဒတွေကိုလည်း သုံးစွဲသူတွေ နားလည်နိုင်တဲ့ ဘာသာစကားနဲ့ ဖော်ပြပေးသင့်တယ်လို့ သူက ပြောပါတယ်။
“ပလက်ဖောင်းကို Report လုပ်လိုက်ရင် လိမ်လည်တဲ့အကောင့်တွေကို ပလက်ဖောင်းဘက်ကနေ ဖြတ်ချပေးနိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်” လို့ မပန်းကလေးက ပြောပါတယ်။
အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခံခဲ့ရတဲ့ မပန်းကလေးဟာ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို သူငယ်ချင်းတွေနဲ့ ပြန်လည်မျှဝေခဲ့ပါတယ်။ နောက်ထပ် ဒီလိုအဖြစ်မျိုး မကြုံရအောင် မိသားစုကလည်း အွန်လိုင်းအကောင့်တွေကို သေချာစစ်ဆေးဖို့နဲ့ သတိထားအသုံးပြုဖို့ အသိပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
“အရင်က စိတ်ပင်ပန်းတာတွေကို ဖြေဖျောက်ဖို့အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုခဲ့တာပါ။ အခုတော့ ဒီဆိုရှယ်မီဒီယာကပဲ ကိုယ့်အတွက် စိတ်ပင်ပန်းမှုတစ်ခု ဖြစ်လာစေခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကို သတိထားပြီး ကန့်သတ်ချက်တွေနဲ့ အသုံးပြုစေချင်ပါတယ်။ ကိုယ်တိုင်ကြုံခဲ့ရသလို အတွေ့အကြုံမျိုးကို ဘယ်သူ့ကိုမှ ထပ်ပြီး မကြုံစေချင်လို့ပါ” လို့ ကျောင်းဆရာမ မမြက ပြောပါတယ်။
