စစ်ဇုန်နဲ့ ဖန်သားပြင်ကြားက တိတ်ဆိတ်သံများ
ညမှောင်ရီသန်းချိန်။ အညာဒေသ၊ ပခုက္ကူနယ်စပ်က တောစပ်တစ်နေရာမှာ ရုတ်တရက် လေယာဉ်ပျံသန်းသံ ထွက်ပေါ်လာပြီး မြေကြီးတုန်ခါသွားစေတဲ့ ပေါက်ကွဲသံကြီးက ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ကို ဖြိုခွဲလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ သန့်ရှင်းရေးသုံးပစ္စည်းအချို့နဲ့ အဝတ်အစားအနည်းငယ်ပါဝင်တဲ့ အိတ်ကလေးကို ရင်ခွင်ပိုက်ပြီး မှောင်မိုက်နေတဲ့ တောစပ်ဆီ အလျင်အမြန် ပြေးလွှားပုန်းခိုခဲ့ရပါတယ်။
အညာဒေသရဲ့ နွေပူပူ၊ မိုးစက်စက်တွေကြားမှာ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်နေရတာဟာ ဆယ်ကျော်သက်မိန်းကလေးတွေအတွက် နေ့စဉ်ဘဝရဲ့ ကြေကွဲဖွယ်အခြေအနေတစ်ခု ဖြစ်လာနေပါတယ်။
စစ်ဘေးဇုန်အတွင်း အသက်ရှင်သန်ရေးအတွက် ရုန်းကန်နေရတဲ့အပြင် အွန်လိုင်းပေါ်မှာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတာကြောင့် အဲဒီမိန်းကလေးတွေဟာ အန္တရာယ်နှစ်ထပ်ကို ရင်ဆိုင်နေကြရပါတယ်။ ဒါပေမဲ့ လူမှုရေးအမည်းစက်တွေ၊ လိင်အခြေပြုအကြမ်းဖက်မှုနဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးမှု နည်းပါးတာတွေအပြင် စနစ်တကျ အကာအကွယ်ပေးနိုင်မယ့် အစီအမံတွေ မလုံလောက်တာကြောင့် သူတို့ရဲ့ ရင်ဖွင့်သံတွေဟာ ပဋိပက္ခအတွင်း တိတ်ဆိတ်မှေးမှိန်နေရဆဲ ဖြစ်ပါတယ်။
စစ်ဘေးရှောင်ရတဲ့အခါ လုံခြုံမှုမရှိတဲ့ မိန်းကလေးတွေ
ကောင်းကင်ပေါ်က လေယာဉ်သံကြားလိုက်ရတာနဲ့ ဆယ်ကျော်သက်မိန်းကလေးတွေဟာ ကြောက်ရွံ့စိုးရိမ်မှုတွေကြောင့် စိတ်ဖိစီးမှုကို ခံစားကြရပါတယ်။ စစ်ကြောင်းနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်ရသလို ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတဲ့အခါမှာလည်း အမျိုးသမီးတစ်ဦးအနေနဲ့ လုံခြုံမှုမရှိဘူးလို့ ခံစားရတာတွေ ရှိနေပါတယ်။
“စစ်ကြောင်းထိုးလို့ စစ်ရှောင်ရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် လုံးဝလုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ စစ်ကြောင်းနဲ့ မိသွားမလားဆိုပြီး အမြဲကြောက်နေရတယ်။ စစ်ရှောင်တဲ့နေရာမှာလည်း လူအများနဲ့ စုပေါင်းနေရတာဆိုတော့ တချို့မိန်းကလေးကိစ္စတွေမှာ ဒုက္ခတော်တော်ရောက်ရတယ်” လို့ ပခုက္ကူနယ်စပ်မှာ စစ်ဘေးရှောင်နေရတဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးက ပြောပါတယ်။
အပျိုဖော်ဝင်စအရွယ် မိန်းကလေးတွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ သီးသန့်နေထိုင်ခွင့် လိုအပ်လာချိန်မှာ စစ်ဘေးရှောင်စခန်းတွေ၊ ယာယီခိုလှုံရာနေရာတွေမှာ လူအများနဲ့အတူ နေထိုင်ကြရပါတယ်။ အဲဒီလို အကာအကွယ်နဲ့ ကိုယ်ပိုင်နေရာ မလုံလောက်တဲ့ အခြေအနေတွေက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းတွေကြား ထွက်ပြေးတိမ်းရှောင်နေရတဲ့အခါ “ဒီနေ့တော့ ငါ မသေသေးပါဘူး” လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရတဲ့အထိ အသက်အန္တရာယ်ကို နေ့စဉ်စိုးရိမ်နေရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဒဏ်ရာတွေကိုလည်း သူတို့ရဲ့ နေ့စဉ်ဘဝထဲမှာ ရင်ဆိုင်နေကြရပါတယ်။
မြေပြင်မှာသာမက အွန်လိုင်းပေါ်မှာပါ အန္တရာယ်ရှိနေ
မြေပြင်မှာ အသက်အန္တရာယ်ကို စိုးရိမ်နေရချိန်မှာ အွန်လိုင်းပေါ်မှာလည်း ဆယ်ကျော်သက်မိန်းကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု ဖြစ်ဖို့ ခက်ခဲနေပါတယ်။ အညာဒေသက ဆယ်ကျော်သက်မိန်းကလေးအများစုဟာ စမတ်ဖုန်းနဲ့ လူမှုကွန်ရက်တွေကို စတင်အသုံးပြုနေတဲ့အရွယ်တွေဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာနဲ့ အွန်လိုင်းလုံခြုံရေးဆိုင်ရာ အသိပညာလည်း အကန့်အသတ်ရှိနိုင်ပါတယ်။
ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သူတွေ၊ အကောင့်အတုတွေက မိန်းကလေးတွေဆီက မဖွယ်မရာဓာတ်ပုံတွေနဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းခံတာ၊ မဟုတ်မမှန်စွပ်စွဲပြီး ဂုဏ်သိက္ခာထိခိုက်အောင် ပြုလုပ်တာတွေ ရှိလာနိုင်ပါတယ်။
ဒီလို ဒစ်ဂျစ်တယ်အနိုင်ကျင့်မှုတွေဟာ မိန်းကလေးတွေရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ထိခိုက်စေနိုင်ပါတယ်။ ထို့အပြင် အွန်လိုင်းပေါ်မှာ နှောင့်ယှက်ခံရမှာကို စိုးရိမ်တာကြောင့် သတင်းအချက်အလက် ရယူတာ၊ လူမှုအသိုင်းအဝိုင်းအတွင်း ကိုယ့်အသံကို ထုတ်ဖော်ပြောဆိုတာတွေကနေပါ နောက်ဆုတ်သွားစေနိုင်ပါတယ်။
ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ပါ အခက်အခဲရှိနေ
အညာဒေသရဲ့ ကျေးလက်လူမှုအသိုင်းအဝိုင်းမှာ ရိုးရာအယူအဆတွေနဲ့ ပဋိပက္ခအခြေအနေတွေ ပေါင်းစပ်လာတဲ့အခါ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ လိုအပ်ချက်တွေဟာ ပိုမိုခက်ခဲလာပါတယ်။
ရာသီသွေးပေါ်ချိန် အသုံးပြုရတဲ့ သန့်ရှင်းရေးပစ္စည်းတွေကို သာမန်အခြေအနေမှာတောင် ဈေးမှာသွားဝယ်ဖို့ ရှက်ရွံ့နေကြရချိန်မှာ စစ်ကောင်စီတပ်တွေက ကုန်းလမ်းနဲ့ ရေလမ်းတွေကနေ အမျိုးသမီးသုံးပစ္စည်းတွေ သယ်ယူခွင့်ကို ပိတ်ပင်ကန့်သတ်ထားတာကြောင့် ဈေးနှုန်းကြီးမြင့်မှုနဲ့ ပစ္စည်းရှားပါးမှုတွေကိုပါ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လိင်နဲ့ ကျား၊ မ ရေးရာဆိုင်ရာ အသိပညာပေးမှုတွေ နည်းပါးနေတဲ့အတွက် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ အကြမ်းဖက်မှုတွေ ကြုံတွေ့ရတဲ့အခါ ဘယ်လိုအခြေအနေတွေက မိမိရဲ့ အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်ဆိုတာ မသိရှိနိုင်ကြပါဘူး။ ဘယ်နေရာမှာ တိုင်ကြားရမယ်၊ ဘယ်လိုအကူအညီတောင်းရမယ်ဆိုတာ မသိတာတွေလည်း ရှိနေပါတယ်။
တစ်ဖက်မှာလည်း “မိန်းကလေးမို့လို့ သိက္ခာကျတယ်” ဆိုတဲ့ လူမှုရေးအမည်းစက်ကြောင့် မိမိကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ထုတ်ဖော်ပြောဆိုဖို့ ခက်ခဲနေကြပါတယ်။ အဲဒီအတွက် အကူအညီရယူနိုင်မယ့် လမ်းကြောင်းတွေ မသိရှိတာနဲ့ လူမှုဝန်းကျင်ရဲ့ အပြစ်တင်မှုကို စိုးရိမ်တာတွေက သူတို့ရဲ့ အခက်အခဲတွေကို ပိုမိုတိတ်ဆိတ်စေနိုင်ပါတယ်။
ကြံ့ကြံ့ခံနေရခြင်းတစ်ခုတည်းနဲ့ မလုံလောက်
စစ်ဇုန်အတွင်း မြေပြင်က အသက်အန္တရာယ်နဲ့ အွန်လိုင်းပေါ်က ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုတွေကြားမှာ ပခုက္ကူနယ်က ဆယ်ကျော်သက်မိန်းကလေးတွေဟာ အခက်အခဲမျိုးစုံကို ရင်ဆိုင်ရင်း ရှင်သန်နေကြရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတစ်ခုတည်းအပေါ်မှာပဲ အကာအကွယ်ပေးရေးဆိုင်ရာ တာဝန်တွေကို ပုံချထားလို့ မရပါဘူး။
အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရပြီး ကိုယ်ရေးအချက်အလက်တွေကို လျှို့ဝှက်ထိန်းသိမ်းပေးနိုင်တဲ့ တိုင်ကြားရေးလမ်းကြောင်းတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ကျား၊ မ ရေးရာဆိုင်ရာ အသိပညာပေးမှုတွေကိုလည်း ထိရောက်စွာ ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ (WPS) မူဝါဒတွေနဲ့အညီ ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ဆယ်ကျော်သက်မိန်းကလေးတွေနဲ့ အမျိုးသမီးတွေရဲ့ အသံ၊ လိုအပ်ချက်နဲ့ လုံခြုံရေးကို အလေးထားထည့်သွင်းဖို့လည်း လိုအပ်ပါတယ်။
အဲဒီလို အကာအကွယ်ပေးရေးအစီအမံတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်မှသာ ပဋိပက္ခအတွင်း တိတ်ဆိတ်နေခဲ့ရတဲ့ ပခုက္ကူနယ်က ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ အခက်အခဲတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်နဲ့ မိမိတို့ရဲ့ အသံကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်တဲ့ အနာဂတ်တစ်ခု ဖန်တီးပေးဖို့ လိုအပ်နေပါတယ်။
