မွန်မှာ ရေကြီးမှုလျှော့ချရေးအတွက် ချောင်းတွေတူးဖော်တာနဲ့ ရပြီလား
မိုးသည်းထန်စွာရွာတိုင်း ရေကြီးရေလျှံမှု ကြုံနေရတဲ့ မွန်ပြည်က မြို့နယ်တချို့မှာ ရေဘေးအန္တရာယ် လျှော့ချနိုင်ဖို့ မိုးရာသီမတိုင်ခင် ချောင်းတွေတူးဖော်တာ၊ ရေမြောင်းတွေ ရှင်းလင်းတာနဲ့ အမှိုက်တွေ ဖယ်ရှားတာတွေ လုပ်လာကြပါတယ်။
ဒါပေမဲ့ ဒီလုပ်ငန်းတွေ လုပ်ရုံနဲ့ ရေကြီးမှုကို အပြီးတိုင်တားဆီးနိုင်တာ မဟုတ်သေးပါဘူး။ သဘာဝရေဆင်းလမ်းကြောင်းတွေ ပျောက်ကွယ်လာတာ၊ အမှိုက်တွေကြောင့် ရေစီးလမ်းကြောင်း ပိတ်ဆို့တာနဲ့ မိုးသည်းထန်စွာရွာတဲ့အခါ လမ်းပေါ်မှာ ရေတင်ကျန်တာတွေကိုလည်း တပြိုင်နက်တည်း ဖြေရှင်းဖို့ လိုအပ်နေပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာတာ၊ အပူချိန်မြင့်တက်တာ၊ ရေရှားပါးတာ၊ မုန်တိုင်းဝင်ရောက်တာနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာတွေကို ကြုံတွေ့နေရပါတယ်။
မွန်ပြည်မှာလည်း မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာတာနဲ့အတူ ရေကြီးရေလျှံမှုတွေကို ဆက်တိုက်ကြုံတွေ့နေရပါတယ်။
သတင်းမှတ်တမ်းတွေ၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့ Myanmar Information Management Unit (MIMU) တို့ရဲ့ ရေကြီးမှုဆိုင်ရာ အချက်အလက်တွေအရ မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော၊ သထုံ၊ ပေါင်၊ သံဖြူဇရပ်၊ ချောင်းဆုံနဲ့ ကျိုက္ခမီတို့မှာ ရေကြီးမှုတွေနဲ့ မိုးရေချိန် စံချိန်တင်ရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းမှာလည်း ကျိုက်မရောမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးခဲ့ပါတယ်။ ဩဂုတ်လအတွင်းမှာလည်း မော်လမြိုင်၊ ပေါင်၊ မုဒုံနဲ့ ရေးမြို့နယ်တို့မှာ ကားလမ်းတွေ ရေကျော်ပြီး သွားလာရေးခက်ခဲခဲ့ပါတယ်။
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရွာမှာ ဒေသခံတွေက “ဈေးချောင်း” လို့ ခေါ်တဲ့ သဘာဝချောင်းတစ်ခု ရှိပါတယ်။ မိုးသည်းထန်စွာရွာတဲ့အခါ ချောင်းရေလျှံပြီး ဈေးအနီးနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝပ်လေ့ရှိပါတယ်။
“ကျိုက္ကော်မှာ ရေကြီးတာက ဈေးချောင်းရေလျှံပြီး ရေထွက်လမ်းပိတ်တာနဲ့ ဆိုင်တယ်။ ဒါကြောင့် ချောင်းထဲက နုန်းတွေ၊ အမှိုက်တွေ၊ ရေစီးပိတ်နေတဲ့နေရာတွေကို ရှင်းပြီး ချောင်းကို ပိုနက်အောင်တူးတာ၊ ရေစီးလမ်းကြောင်း ကျယ်အောင်လုပ်တာတွေ ရှိတယ်။ ရေဝင်လာရင် ရေက ချောင်းထဲကို ပိုလွယ်လွယ်ဝင်ပြီး ပြန်ထွက်နိုင်အောင် လုပ်တာပါ” လို့ ဈေးချောင်းအနီးမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
၂၀၁၅ ခုနှစ် ရေကြီးမှုတုန်းက ကျိုက္ကော်ဈေးထဲကို ရေဝင်ခဲ့လို့ ဆိုင်တွေနဲ့ ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့သလို ဘုန်းကြီးကျောင်းတချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက်ပိုင်းမှာ ကျိုက္ကော်ရွာနဲ့ အနီးအနားက သိမ်ဆိပ်ရွာတစ်ဝိုက်မှာ ရေစီးလမ်းကြောင်းတွေကို ရှင်းလင်းတူးဖော်တဲ့လုပ်ငန်းတွေ လုပ်လာခဲ့ကြပါတယ်။
ဈေးချောင်းဟာ မြို့တွင်းရေနုတ်မြောင်းတွေထက် ပိုကျယ်ပါတယ်။ အိမ်တွေနဲ့ ခြံစည်းရိုးတွေ ကျူးကျော်မထားတဲ့ အပိုင်းတွေမှာ စက်ယန္တရားတွေသုံးပြီး နုန်းသဲတွေကို ဖယ်ရှားတူးဖော်ခဲ့ကြပါတယ်။
ရေစီးရေလာ ကောင်းမွန်လာဖို့အတွက် ချောင်းရဲ့ အကျယ်နဲ့ အနက်ကိုလည်း တိုးချဲ့ခဲ့ကြပါတယ်။
ချောင်းတူးဖော်ရာမှာ ပါဝင်ခဲ့သူတစ်ဦးရဲ့ ပြောကြားချက်အရ ချောင်းအကျယ်ကို ၁၅ ပေကနေ ပေ ၂၀ ဝန်းကျင်အထိ ရှင်းလင်းတူးဖော်ခဲ့ပြီး ရေဝပ်မှုအခြေအနေအပေါ် မူတည်ကာ မူလချောင်းကြမ်းပြင်ကနေ ၄ ပေကနေ ၆ ပေခန့်အထိ နက်အောင် တူးဖော်ခဲ့ကြပါတယ်။
ချောင်းမရှင်းလင်းခင်က မိုးသည်းထန်စွာရွာရင် ဈေးအနီးနဲ့ ကားလမ်းတွေပေါ်မှာ ရေဟာ သုံးရက်ကနေ လေးရက်အထိ တင်ကျန်နေတတ်ပါတယ်။
ချောင်းတူးဖော်ရှင်းလင်းပြီးနောက်မှာလည်း ရေကြီးမှုတွေ ဖြစ်နေဆဲဖြစ်ပေမဲ့ ရေတင်ကျန်တဲ့အချိန်က တစ်ရက်နီးပါးသာ ကြာတော့ပြီး ရေပြန်ကျတာ ပိုမြန်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ချောင်းတူးဖော်မှုကြောင့် ရေပြန်ကျချိန် တိုလာတယ်ဆိုတာကို သီးခြားတိုင်းတာထားတဲ့ တရားဝင်အချက်အလက် မရှိသေးပါဘူး။ ဒါကြောင့် ဒီအချက်ဟာ ဒေသခံတွေက အရင်နဲ့ အခုအခြေအနေကို နှိုင်းယှဉ်ပြီး ပြောဆိုထားတာ ဖြစ်ပါတယ်။
သက်ဆိုင်ရာဌာနတွေနဲ့ ဒေသခံတွေက ချောင်းကို ပြန်လည်တူးဖော်ပေးခဲ့ပေမဲ့ ကျိုက္ကော်ရွာအနီးနဲ့ သိမ်ဆိပ်ရွာ၊ ရွှေလှေတန်းရပ်ကွက်အပါအဝင် နေရာတချို့မှာ ချောင်းထဲကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲဒီအတွက် ရေစီးလမ်းကြောင်းတွေ ပြန်ပိတ်ဆို့တာမျိုး ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၆ ခုနှစ် သတင်းမှတ်တမ်းတွေနဲ့ ဒေသန္တရပထဝီဝင်အချက်အလက်တွေအရ ကျိုက္ကော်နဲ့ သိမ်ဆိပ်ဒေသတွေဟာ အရှေ့ဘက်မှာရှိတဲ့ သက္က (မိုးမခ) တောင်တန်းနဲ့ အနောက်ဘက်မြေနိမ့်ပိုင်းကြား၊ ရန်ကုန်–မော်လမြိုင် ကားလမ်းနဲ့ မီးရထားလမ်းတစ်လျှောက်မှာ တည်ရှိပါတယ်။
မိုးရာသီမှာ အရှေ့ဘက်တောင်တန်းကနေ စီးဆင်းလာတဲ့ တောင်ကျရေတွေဟာ ဒေသတွင်းက လမ်းတွေနဲ့ လူနေရပ်ကွက်တွေကို ဖြတ်သန်းစီးဆင်းကြပါတယ်။
အဲဒီရေတွေဟာ အနောက်ဘက်က ကွင်းပြင်တွေကို ဖြတ်ပြီး ကဒိုက်ကြီးချောင်းနဲ့ မုတ္တမပင်လယ်ကွေ့ဘက်ကို စီးဆင်းတယ်လို့ ဒေသဆိုင်ရာအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဌာနဆိုင်ရာအချက်အလက်တွေနဲ့ သတင်းမှတ်တမ်းတွေအရ ၂၀၁၆ ခုနှစ်မှာ ဈေးချောင်းအတွင်းရှိ ချုံနွယ်တွေ၊ အမှိုက်တွေ၊ သစ်တုံးနဲ့ သစ်ကိုင်းတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ဒေသခံတွေ ပူးပေါင်းရှင်းလင်းခဲ့ကြပါတယ်။ ချောင်းအောက်ပိုင်းမှာရှိတဲ့ ကဒိုက်ကြီးချောင်းကိုလည်း ဆယ်ယူရှင်းလင်းခဲ့ကြပါတယ်။
ဒါပေမဲ့ မိုးသည်းထန်စွာရွာပြီး တောင်ကျရေတွေ စီးဆင်းလာတဲ့အခါ ကားလမ်းပေါ် ရေကျော်တာတွေ ဆက်ဖြစ်နေတဲ့အတွက် ၂၀၂၆ ခုနှစ်မှာလည်း ဈေးချောင်းကို ပြန်လည်တူးဖော်ခဲ့ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ ချောင်းတူးဖော်မှုမှာ ပါဝင်ခဲ့သူရဲ့ ထပ်မံပြောကြားချက်အရ ချောင်းအကျယ်ဟာ ယခင် ၁၅ ပေကနေ ပေ ၂၀ ခန့်ရှိရာကနေ ၃၀ ပေကနေ ၃၅ ပေခန့်အထိ တိုးလာခဲ့ပါတယ်။ ချောင်းအနက်ကလည်း ၃ ပေခန့်ကနေ ၇ ပေကနေ ၈ ပေခန့်အထိ တိုးလာခဲ့တယ်လို့ သိရပါတယ်။
ယခင်က မိုးသည်းထန်စွာရွာတဲ့အခါ လမ်းပေါ်ကို ရေ ၂ ပေကနေ ၃ ပေခန့်အထိ ကျော်တက်ပြီး ရေပြန်ကျဖို့ ၅ နာရီကနေ ၈ နာရီအထိ ကြာတတ်ပါတယ်။ ၂၀၂၆ ခုနှစ် ချောင်းတူးဖော်ပြီးနောက်မှာတော့ လမ်းပေါ်ရေကျော်တာ မရှိတော့ဘဲ ရေပြန်ကျဖို့ ၄၅ မိနစ်ကနေ တစ်နာရီခန့်သာ ကြာတော့တယ်လို့ သူက ပြောပါတယ်။
ချောင်းတူးဖော်မှုတွေ လုပ်ခဲ့ပေမဲ့ ကျိုက္ကော်နဲ့ သိမ်ဆိပ်ရွှေလှေတန်းရပ်ကွက်အနီးမှာ ချောင်းထဲကို အမှိုက်စွန့်ပစ်တာတွေ ရှိနေဆဲဖြစ်ပါတယ်။
အရင်က ဈေးတစ်ဈေးလုံးနီးပါးက ချောင်းထဲကို အမှိုက်စွန့်ပစ်လေ့ရှိပေမဲ့ ၂၀၁၅ ခုနှစ် ရေကြီးမှုနောက်ပိုင်း အသိပညာပေးမှုတွေနဲ့ ရေဘေးအတွေ့အကြုံတွေကြောင့် အမှိုက်စွန့်ပစ်မှု လျော့နည်းလာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုနောက်ပိုင်းတော့ ခိုးပြီးပစ်တာမျိုးက လူနည်းစုလောက်ပဲ ရှိတော့တယ်” လို့ သူက ပြောပါတယ်။
သထုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ရဲ့ ၂၀၂၅-၂၀၂၆ မှတ်တမ်းတွေအရ ရေစီးရေလာ ကောင်းမွန်ဖို့နဲ့ အမှိုက်စွန့်ပစ်မှု ပပျောက်ဖို့အတွက် တားမြစ်ဆိုင်းဘုတ်တွေ စိုက်ထူတာ၊ အသံချဲ့စက်နဲ့ အသိပညာပေးတာ၊ ချောင်းထဲ အမှိုက်စွန့်ပစ်သူတွေကို ဒဏ်ကြေးပေးဆောင်စေဖို့ စည်းကမ်းသတ်မှတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ အမှိုက်တွေကို ထပ်ခါထပ်ခါ ရှင်းလင်းနေရမယ့်အစား စနစ်တကျ စွန့်ပစ်နိုင်ဖို့နဲ့ အမှိုက်စီမံခန့်ခွဲမှုကို ပိုထိရောက်အောင် ဆောင်ရွက်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။
သထုံမြို့နယ်ရဲ့ တောင်ဘက်မှာရှိတဲ့ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာမှာလည်း ရေစီးဆင်းမှု ကောင်းမွန်လာဖို့အတွက် ကျွဲခြံချောင်းကို ၂၀၂၄ ခုနှစ်ကစပြီး ဒေသခံတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ မိုးရာသီမတိုင်ခင် နှစ်စဉ်တူးဖော်နေကြပါတယ်။
ဒီလုပ်ငန်းမှာ ဘတ်ဟိုးစက်ယန္တရားတွေကို အသုံးပြုတယ်လို့ ဒေသဆိုင်ရာမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
“ချောင်းကတော့ ဒီနှစ်လည်း လာတူးတယ်။ ရေစီးကတော့ ကောင်းသွားတာပေါ့။ ဒါပေမဲ့ မြောင်းတွေက မရှိတော့ ချောင်းက ရေမဆွဲတာကြာပြီ” လို့ ကျွဲခြံဒေသခံတစ်ဦးက ပြောပါတယ်။
အရင်က ရှိခဲ့တဲ့ သဘာဝရေမြောင်းတချို့ဟာ အိမ်ခြံဝင်းတွေ တိုးချဲ့လာတာနဲ့အမျှ ပျောက်ကွယ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၁၉ ခုနှစ် မွန်ပြည်နယ်လွှတ်တော်မှတ်တမ်းမှာလည်း ပေါင်မြို့နယ်အတွင်း ချောင်းနဲ့ မြောင်းတွေရဲ့ မူလဧရိယာပေါ်မှာ အိမ်တွေနဲ့ အိမ်ခြံမြေတွေ တိုးချဲ့ဆောက်လုပ်လာတာကြောင့် ရေစီးရေလာ ထိခိုက်နိုင်တဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။
ပေါင်နဲ့ သထုံမြို့နယ်တို့ရဲ့ အရှေ့ဘက်ခြမ်းမှာ တောင်တန်းတွေရှိပြီး တောင်ကျရေတွေဟာ ရွာတွေနဲ့ စိုက်ပျိုးမြေတွေကို ဖြတ်သန်းကာ အနောက်ဘက်ကမ်းရိုးတန်းကွင်းပြင်တွေဆီ စီးဆင်းကြပါတယ်။
အဲဒီမြို့နယ်တွေဟာ မုတ္တမပင်လယ်ကွေ့နဲ့ ဆက်စပ်နေတဲ့ ကမ်းရိုးတန်းနိမ့်ပိုင်းဒေသတွေဖြစ်ပြီး သံလွင်မြစ်ဝဒေသရဲ့ ရေစီးစနစ်နဲ့လည်း ဆက်နွယ်နေပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ် ၁၂ ရက်မှာ သံလွင်မြစ်ရေ မြင့်တက်လာတာကြောင့် ပေါင်မြို့နယ်ရဲ့ မြေနိမ့်ပိုင်းတွေ ရေကြီးခဲ့ပြီး အိမ်ထောင်စု ၇၉ စုက လူ ၂၇၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
၂၀၂၃ ခုနှစ်မှာလည်း ရေကြီးမှုကြောင့် စပါးစိုက်ဧက သောင်းချီ ရေနစ်မြုပ်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၉ ခုနှစ် ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာမှာ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၇၀ ကျော် သေဆုံးခဲ့ပြီး နေအိမ်နဲ့ အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ အကြီးစားမြေပြိုမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကျွဲခြံရွာအပြင် ပေါင်မြို့နယ်၊ ကျုံကကျေးရွာမှာလည်း ဒေသခံတွေက “ကျုံကချောင်း” လို့ ခေါ်တဲ့ ကျုံကစမ်းချောင်းကို ၂၀၂၄ ခုနှစ်ကစပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ တူးဖော်ခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ ဒေသဆိုင်ရာမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီလုပ်ငန်းအတွက် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က စက်ယန္တရားကြီးတွေနဲ့ ပံ့ပိုးပေးခဲ့ပါတယ်။
မှတ်တမ်းတွေအရ ချောင်းတူးဖော်ပြီးနောက် ချောင်းအကျယ်ဟာ ၁၀ ပေကနေ ၁၂ ပေခန့်ရှိရာကနေ ၂၅ ပေကနေ ၃၀ ပေခန့်အထိ တိုးလာခဲ့ပါတယ်။ ချောင်းအနက်ကလည်း ၂ ပေခန့်ကနေ ၅ ပေကနေ ၆ ပေခန့်အထိ တိုးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရေတက်အမြင့်ဟာလည်း ၃ ပေကနေ ၄ ပေခန့်ရှိရာကနေ တစ်ပေခန့်အထိ လျော့ကျလာတယ်လို့ သိရပါတယ်။ အရင်က လမ်းပေါ်ရေတင်ရင် ရေပြန်ကျဖို့ ၆ နာရီကနေ ၈ နာရီအထိ ကြာတတ်ပေမဲ့ အခုတော့ ၄၅ မိနစ်ကနေ တစ်နာရီခန့်အတွင်း ပြန်ကျလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွဲခြံနဲ့ ကျုံကရွာတွေရဲ့ အတွေ့အကြုံတွေက ချောင်းတူးဖော်တာတစ်ခုတည်းထက် သဘာဝရေမြောင်းတွေ၊ ရေပြွန်တွေနဲ့ တခြားရေဆင်းလမ်းကြောင်းတွေကိုပါ စနစ်တစ်ခုလုံးအနေနဲ့ ထိန်းသိမ်းစီမံဖို့ လိုအပ်တယ်ဆိုတာကို ပြသနေပါတယ်။
မိုးလေဝသ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေဘေးအခြေအနေတွေကို လေ့လာနေတဲ့ ဦးဝင်းနိုင်ကလည်း ချောင်းတွေကို တူးဖော်ချဲ့ထွင်တာ မလုပ်ခင် ရေစီးဆင်းမှုအခြေအနေတွေကို သိပ္ပံနည်းကျ လေ့လာဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။
“ရေစီးဆင်းနှုန်း၊ ရေစီးတဲ့ direction၊ မိုးလေဝသအခြေအနေနဲ့ ရာသီဥတုပြောင်းလဲတာတွေကို သိပ္ပံနည်းကျ လေ့လာပြီးမှ ချောင်းချဲ့တာ၊ ချောင်းတူးတာ လုပ်ရမှာပါ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
သူ့ရဲ့ ရှင်းပြချက်အရ သိပ္ပံနည်းကျ လေ့လာရာမှာ ဒေသအလိုက် မိုးရေချိန်မှတ်တမ်းတွေကို တိုင်းတာတာ၊ ချောင်းရဲ့ ရေဆံ့နိုင်စွမ်း (Carrying Capacity) နဲ့ ရေစီးဆင်းနှုန်း (Discharge Rate) ကို ကိန်းဂဏန်းအချက်အလက်တွေအပေါ် အခြေခံပြီး တွက်ချက်တာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် တောင်ကျရေအရှိန်နဲ့ ရေတက်ရေကျချိန်တွေကို အခြေခံပြီး ချောင်းရဲ့ အကျယ်နဲ့ အနက်ကို အင်ဂျင်နီယာနည်းကျ သတ်မှတ်ဖို့လည်း လိုအပ်ပါတယ်။
အဲဒီအပြင် အမှိုက်တွေကို ထပ်ခါထပ်ခါ ရှင်းလင်းနေရမယ့်အစား အမှိုက်စွန့်ပစ်မှုကို စနစ်တကျ စီမံခန့်ခွဲဖို့၊ ရေဘေးမဖြစ်ခင် ကြိုတင်ကာကွယ်ဖို့နဲ့ ရေဘေးဖြစ်လာတဲ့အခါ ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့လည်း လိုအပ်တယ်လို့ သူက ပြောပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနဲ့ ရေအရင်းအမြစ်စီမံခန့်ခွဲရေးဦးစီးဌာနရဲ့ လုပ်ငန်းအစီရင်ခံစာတွေအရ ရေကြီးနစ်မြုပ်မှု လျှော့ချနိုင်ဖို့ တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ်တွေမှာ ချောင်းငယ်တွေ၊ ရိုးတွေ၊ ရေနုတ်မြောင်းတွေကို မိုးရာသီမတိုင်ခင် နှစ်စဉ်တူးဖော်ရှင်းလင်းနေကြပါတယ်။
ဒါပေမဲ့ မွန်ပြည်က ဒေသတချို့ရဲ့ အတွေ့အကြုံတွေအရ ချောင်းတူးဖော်တာနဲ့ မြောင်းရှင်းလင်းတာတွေ လုပ်ရုံနဲ့ ရေကြီးမှုကို အပြီးတိုင်ဖြေရှင်းနိုင်တာ မဟုတ်သေးပါဘူး။
ရေစီးလမ်းကြောင်းတွေ ရေရှည်တည်တံ့ဖို့ သဘာဝရေမြောင်းတွေကို ထိန်းသိမ်းတာ၊ အမှိုက်စွန့်ပစ်မှုကို စနစ်တကျ စီမံခန့်ခွဲတာနဲ့ သိပ္ပံနည်းကျ လေ့လာဆန်းစစ်တာတွေကို ပေါင်းစပ်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။
