ပန်းပွဲတော်ကြောင့် ရိဒ်ခေါဒါရ်နယ်စပ်ရှိ မြန်မာစားသောက်ဆိုင်တွေရဲ့ ရောင်းအားတက်လာ
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်းမြို့မှာ ကျင်းပခဲ့တဲ့ Hnahsin Kut (Cosmos Flower Festival) ပန်းပွဲတော်ကြောင့် ရိဒ်ခေါဒါရ်မြို့ရှိ ရိဒ်ရေကန်ကို လာရောက်လည်ပတ်သူတွေ များပြားလာပြီး နယ်စပ်တစ်ဝိုက်က မြန်မာစားသောက်ဆိုင်တွေရဲ့ ရောင်းအားလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၆ ရက်ကနေ ၁၆ ရက်အထိ ၁၁ ရက်ကြာ ကျင်းပခဲ့တဲ့ အဲဒီပန်းပွဲတော်ကို မီဇိုရမ်ပြည်နယ်ဘက်က ဒေသခံအများအပြား လာရောက်ခဲ့ကြပါတယ်။ ပွဲတော်ကို လာရောက်လည်ပတ်သူတွေဟာ ချင်းပြည်နယ်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ အသည်းနှလုံးပုံသဏ္ဍာန် ရိဒ်ရေကန်ကိုပါ လာရောက်လည်ပတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ခရီးသွားတွေ များပြားလာတာကြောင့် ရိဒ်ခေါဒါရ်နယ်စပ်တစ်ဝိုက်က စားသောက်ဆိုင်တွေမှာ စားသုံးသူ ပိုမိုဝင်ရောက်လာပြီး ဒေသခံစီးပွားရေးလုပ်ငန်းတွေအတွက်လည်း ဝင်ငွေရရှိဖို့ အခွင့်အလမ်းတွေ ပိုမိုရရှိလာတယ်လို့ သိရပါတယ်။
ရိဒ်ခေါဒါရ်မြို့မှာ စားသောက်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပွဲတော်ကာလအတွင်း ခရီးသွားဝင်ရောက်မှု များပြားလာတာဟာ ဒေသခံဆိုင်ရှင်တွေအတွက် အထောက်အကူဖြစ်စေတယ်လို့ ပြောပါတယ်။
“ပုံမှန်ရက်တွေမှာထက် ခရီးသွားတွေ များလာရင် စားသောက်ဆိုင်တွေမှာလည်း စားသုံးသူ ပိုများလာပါတယ်။ အခုလို ပွဲတော်တွေရှိပြီး လူလာများတဲ့အချိန်ဆိုရင် ကျွန်တော်တို့လို ဒေသခံဆိုင်ရှင်တွေအတွက် ဝင်ငွေရဖို့ ပိုအခွင့်အရေးရပါတယ်” လို့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် ခရီးသွားဝင်ရောက်မှု နည်းပါးနေချိန်မှာ မီဇိုရမ်ဘက်က ခရီးသွားတွေ လာရောက်လည်ပတ်တာဟာ နယ်စပ်ဒေသရှိ စားသောက်ဆိုင်တွေနဲ့ ဆိုင်ကယ်ကယ်ရီလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံဆိုင်ကယ်ကယ်ရီသမားတစ်ဦးရဲ့ ပြောကြားချက်အရ ရိဒ်ရေကန်ကို လာရောက်လည်ပတ်သူ များပြားတဲ့ရက်တွေမှာ တစ်ရက်ကို မြန်မာငွေကျပ် တစ်သိန်းဝန်းကျင်အထိ ဝင်ငွေရရှိတယ်လို့ သိရပါတယ်။ နယ်စပ်တံတားကနေ ရိဒ်ရေကန်ရှိရာ တောင်ပေါ်ကို ဆိုင်ကယ်နဲ့ ၁၀ မိနစ်ခန့် မောင်းနှင်ရပြီး အသွားအပြန် ကြိုပို့ခအဖြစ် ကျပ် ၂၀,၀၀၀ ကောက်ခံတယ်လို့လည်း သိရပါတယ်။
ရိဒ်ရေကန်ကို လာရောက်လည်ပတ်သူတွေဟာ ရေကန်အလှအပကို ကြည့်ရှုတာအပြင် စက်လှေစီးတာနဲ့ ဒေသတွင်းမှာ အစားအသောက် ဝယ်ယူစားသောက်တာတွေ ပြုလုပ်ကြပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက်လည်း ဝင်ငွေရရှိစေတဲ့ အခြေအနေ ဖြစ်ပါတယ်။
ရိဒ်ရေကန်ဝင်ကြေးဟာ ကျပ် ၂,၀၀၀ ဖြစ်ပြီး စက်လှေတစ်စီးကို လူ ၆ ဦးအထိ စီးနင်းနိုင်ပါတယ်။ ရေကန်တစ်ပတ် စက်လှေစီးခအဖြစ် ကျပ် ၄၀,၀၀၀ ကျသင့်တယ်လို့ သိရပါတယ်။
ရိဒ်ခေါဒါရ်မြို့ဟာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ နယ်စပ်မြို့တစ်မြို့ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှာ ချင်းပြည်ကောင်စီ မဟာမိတ်တပ်ဖွဲ့တွေက မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိမှာတော့ ဒေသခံ CDF-Hualngoram အဖွဲ့က ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဘက်က ခရီးသွားဝင်ရောက်မှု နည်းပါးနေဆဲဖြစ်ပေမဲ့ မီဇိုရမ်ဘက်က ခရီးသွားတွေ လာရောက်လည်ပတ်မှုကြောင့် နယ်စပ်ဒေသရှိ စားသောက်ဆိုင်တွေနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
CJ
