သဘာဝတရားရိပ်သာဆရာတော်ကို ချေးငွေ၊ လိုင်စင်မဲ့ကားနဲ့ ကော်မရှင်ခပေး အလှူခံခိုင်းမှုတွေကြောင့် တိုင်ကြားထားသူတွေရှိ

Author CJ Platform
Categories
Published on Oct 17, 2026

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရကို ချေးငွေကိစ္စ၊ လိုင်စင်မဲ့ကား ဝယ်ရောင်းမှုနဲ့ ကော်မရှင်ခပေးပြီး အလှူခံခိုင်းမှုတို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေထံ တိုင်ကြားထားသူတွေရှိတယ်လို့ ဆရာတော်နဲ့ ဒကာတွေထံက သိရပါတယ်။

 

စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်းမှာရှိတဲ့ မိသားစုအမွေဆိုင်နေအိမ်ကို ရောင်းချရာက ရရှိတဲ့ငွေတွေထဲကနေ သီလရှင်ဆရာကြီးတစ်ဦးထံမှ သဘာဝတရားရိပ်သာဆရာတော်က ကျပ်သိန်း ၁,၂၅၀ ချေးယူထားတယ်လို့ ဆရာတော်နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သိရသလောက် သီလရှင်ဆရာကြီးဆီက ချေးထားတဲ့ ငွေသိန်းတစ်ထောင်ကျော်ကို ကာယကံရှင်ဘက်က ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဆရာတော်ကို ပြန်ပေးဖို့ ပြောထားတယ်။ အဲဒီနေ့မှာ ပြန်မပေးရင် တရားဥပဒေလမ်းကြောင်းအရ သွားမယ်လို့ ပြောတယ်” လို့ သူက ဆိုပါတယ်။

 

လူမှုကွန်ရက် Facebook စာမျက်နှာမှာလည်း “Daw Ariyanyani” အမည်နဲ့ ရေးသားသူက အမှတ် ၁၂၊ ဇလွန်လမ်းရှိ အမွေဆိုင်နေအိမ် ရောင်းချရာက ရရှိတဲ့ငွေတွေထဲမှ သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရထံ ယူသုံးထားတဲ့ ငွေတွေကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထားပြီး ပြန်လည်ပေးဆပ်ဖို့ တောင်းဆိုထားပါတယ်။

 

သဘာဝတရားရိပ်သာမှာ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးချို့တဲ့သူတွေ၊ စိတ်ကျန်းမာရေးဝေဒနာရှင်တွေနဲ့ HIV ပိုးရှိသူတွေကို ရာနဲ့ချီ လက်ခံထားပေမဲ့ လုံလောက်တဲ့စောင့်ရှောက်မှု မပေးဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနထံ ဇွန်လအတွင်း တိုင်ကြားထားသူတွေလည်း ရှိတယ်လို့ ဖြစ်စဉ်သိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အလှူခံစားဖို့ သက်သက်နဲ့ ဂိလာနဘိုးဘွားတွေ လက်ခံထားတယ်။ HIV ရောဂါရှိတဲ့သူတွေရော၊ ရတဲ့အလှူငွေတွေကို ကိုယ်ကျိုးအတွက် သုံးပြီး ဘိုးဘွားတွေကို ပစ်ထားတယ်။ လက်ရှိရိပ်သာထဲမှာ ရှိတာက လူ ၂,၀၀၀၊ နိုင်ငံတကာကို စာရင်းပြပြီး အလှူခံတာက လူ ၆,၀၀၀။ အဲဒီကိစ္စအတွက် လူကယ်ပြန်ကို တိုင်ထားတယ်” လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် တရားမဝင် ဝစ်သောက်ကားတွေ ဝယ်ယူရောင်းချမှုနဲ့ ပတ်သက်ပြီး သန်လျင်မြို့မရဲစခန်းထံ တိုင်ကြားထားသူတွေရှိသလို ကော်မရှင်ခပေးပြီး အလှူခံခိုင်းတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနထံ တိုင်ကြားထားသူတွေလည်း ရှိတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ရန်ကုန်တိုင်းတစ်ခုလုံးကို အလှူလိုက်ခံခိုင်းတယ်။ ပါဆင့်နစ်နဲ့။ ဥပမာ အလှူခံလို့ ၁၀၀ ရတယ်ဆိုပါတော့၊ သူက ၆၀ ယူတယ်၊ အလှူခံတဲ့သူတွေကို ၄၀ ပေးတယ်။ ပြီးတော့ ဝစ်သောက်ကားတွေကို ဝယ်ရောင်းတယ်။ စီးပွားရေးသမားမို့လို့ အဲဒီဘုန်းကြီးကို တိုင်တာ” လို့ သူက ပြောပါတယ်။

 

သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ တိုက်တွန်းချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးထံ သွားရောက်ပြီး နိုင်ငံရေးအရ ကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိခဲ့သူလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news