ပြည်တွင်းမှာ ဆေးကုသဖို့ သွားရောက်ရာမှာ ဖမ်းဆီးခံရတာတွေ ရှိနေလို့ ရခိုင်က ရောဂါဝေဒနာရှင်တွေ အိုက်ဇောမြို့ကို သွားရောက်ဆေးကုသနေရ
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ ဇောင်းတွီရပ်ကွက်မှာ ရခိုင်ပြည်က ကင်ဆာ၊ ဆီးနဲ့ အရေပြားရောဂါအပါအဝင် ရောဂါအမျိုးမျိုး ခံစားနေရသူတွေ လာရောက်နေထိုင်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ သွားရောက် ကုသနေသူတွေဆီက သိရပါတယ်။
ဇောင်းတွီရပ်ကွက်မှာ ရခိုင်ပြည်ကနေ လာရောက်ဆေးကုသနေသူ ၂၀ ဦးကနေ ၃၀ ဦးဝန်းကျင်အထိ ပုံမှန်ရှိနေတတ်ပြီး တချို့လူနာတွေဟာ ဆေးကုသမှုခံယူပြီးနောက် ရခိုင်ပြည်ကို ပြန်သွားကြပေမဲ့ ဆေးရုံရက်ချိန်းရှိတဲ့အခါ အိုက်ဇောမြို့ကို ပြန်လာပြီး ဆေးကုသမှုခံယူကြရပါတယ်။ တချို့ကတော့ ရခိုင်ပြည်ကို ပြန်မသွားတော့ဘဲ အိုက်ဇောမြို့မှာပဲ နေထိုင်ပြီး ဆေးကုသမှု ဆက်လက်ခံယူနေကြရလို့ ဆိုပါတယ်။
အဲဒီလို နေထိုင်ဆေးကုသနေသူတွေဟာ တစ်ရက်ကို အိမ်ငှားခ ရူပီး ၅၀၀ ဝန်းကျင်၊ မြန်မာကျပ်ငွေနဲ့ဆိုရင် ၂၅,၀၀၀ ကျပ်ခန့် ကုန်ကျတဲ့ အခန်းတွေမှာ ငှားရမ်းနေထိုင်ကြရပါတယ်။
ရခိုင်ပြည်ကနေ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကို သွားရောက်ဆေးကုသဖို့ အခက်အခဲရှိတာကြောင့် အိုက်ဇောမြို့ကို လာရောက်ကုသနေရတာလို့ လူနာတစ်ဦးက ပြောပါတယ်။ ပြည်တွင်းမှာ ဆေးကုသဖို့ သွားရောက်တဲ့အခါ စစ်အုပ်စုက အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်သူတွေလို့ စွပ်စွဲပြီး ဖမ်းဆီးတာတွေရှိတယ်လို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့က ရခိုင်ကနေ ရန်ကုန်တို့၊ မန္တလေးတို့ဘက်ကို ဆေးကုသဖို့သွားရင် စစ်အုပ်စုက ကျွန်တော်တို့ကို အာရက္ခတပ်တော် (AA) လို့ စွပ်စွဲပြီး အဖမ်းခံရနိုင်တယ်။ အရင်ကလည်း ရခိုင်ပြည်နယ်ကလူတွေ ပြည်တွင်းမှာ ဆေးကုဖို့သွားတာတောင် ဖမ်းတာတွေရှိတယ်။ အဲဒါကြောင့် အိုက်ဇောမှာ ဆေးကုသမှုလာခံယူရတာ” လို့ လူနာတစ်ဦးက ပြောပါတယ်။
အိုက်ဇောမြို့၊ ဇောင်းတွီရပ်ကွက်မှာ လာရောက်ဆေးကုသနေသူတွေထဲမှာ သက်ကြီးရွယ်အိုအများစု ပါဝင်ပြီး ကလေးငယ်တွေနဲ့ မိခင်တွေလည်း ရှိနေပါတယ်။
ရခိုင်ပြည်က ရောဂါဝေဒနာရှင်တွေဟာ ဆေးကုသမှုခံယူနိုင်ဖို့ နေရပ်နဲ့ဝေးတဲ့ မီဇိုရမ်ပြည်နယ်အထိ သွားရောက်နေထိုင်ကြရသလို အိမ်ငှားခနဲ့ နေ့စဉ်စားဝတ်နေရေးအတွက်လည်း ကုန်ကျစရိတ်တွေကို ရင်ဆိုင်နေကြရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
CJ
