မင်းတပ်မှာ ခိုးယူဖောက်ထွင်းမှုတွေ ဆိုးရွားလာပေမဲ့ အရေးယူမှုမရှိဟု ဒေသခံတွေပြော

Author CJ Platform
Categories
Published on Oct 19, 2026

ချင်းပြည်၊ မင်းတပ်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း နေအိမ်နဲ့ ဆိုင်တွေ ဖောက်ထွင်းခံရတာ၊ ဆိုင်ကယ်နဲ့ အိမ်မွေးတိရစ္ဆာန်တွေ ခိုးယူခံရတာတွေ ပိုမိုများပြားလာပေမဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိရောက်စွာ အရေးယူဆောင်ရွက်တာ မရှိဘူးလို့ ဒေသခံတွေက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုရဲ့ ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စိုးရိမ်နေရတဲ့ ဒေသခံတွေရဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး လူတစ်စုက ညဘက်တွေမှာ နေအိမ်နဲ့ ဆိုင်တွေကို ဖောက်ထွင်းတာ၊ ဆိုင်ကယ်နဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

 

“မြို့ပေါ်မှာဆို ဆိုင်ကယ်ခိုးခံရတာတွေ ဆက်တိုက်ဖြစ်နေတယ်။ ရွာဘက်တွေမှာလည်း ဈေးဆိုင်တွေ ဖောက်ထွင်းခံရတာ၊ ကြက်နဲ့ ဝက်တွေဆို နေ့တိုင်းလိုလို ပျောက်နေတယ်။ လူတွေက စစ်ကြောင်းထိုးတာနဲ့ လေကြောင်းရန်ကိုပဲ အဓိက နားစွင့်နေရတာဆိုတော့ ကိုယ့်ပစ္စည်းဥစ္စာတွေကိုတောင် သေချာဂရုမစိုက်နိုင်ကြတော့တဲ့ အခြေအနေမှာ ခိုးဆိုးလုယက်သူတွေက ပိုဆိုးလာတာဖြစ်ပါတယ်” လို့ မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။

 

ပစ္စည်းခိုးယူသူတချို့ကို ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးရမိတာတွေရှိပေမဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ထိရောက်စွာ အရေးယူတာမရှိဘဲ ပစ္စည်းပြန်ရရင် ကျေအေးပေးဖို့နဲ့ ညှိနှိုင်းဖြေရှင်းဖို့သာ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“ကျွန်တော် ဆိုင်ကယ်အခိုးခံရတုန်းက တိုင်ကြားထားတယ်။ ဆိုင်ကယ်ကို ပြန်တွေ့တော့ တာဝန်ရှိသူတွေဘက်က ဘာမှအရေးမယူပေးဘူး။ ဆိုင်ကယ်ပြန်ရပြီပဲ၊ ကျေအေးပေးခိုင်းတယ်။ ကျွန်တော်လည်း ကျေအေးပေးလိုက်ရတယ်” လို့ မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို CJ Platform က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

 

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကတော့ လက်ရှိမှာ စစ်ကြောင်းထိုးမှုနဲ့ တိုက်ပွဲတွေကြောင့် တာဝန်ရှိသူတွေဟာ စစ်ရေးဘက်ကို ပိုအာရုံစိုက်နေရပုံရပြီး ညဘက်ကင်းလှည့်တာတွေကိုလည်း ဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။ ဓာတ်ဆီဈေးမြင့်တက်နေတာကလည်း ကင်းလှည့်ရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

 

“အခု အဝတ်အစားတွေကအစ အခိုးခံရတယ်။ ဆိုင်ကယ်တွေ၊ အိမ်ဆိုင်တွေ ဆက်တိုက် အဖောက်ခံရတယ်ဆိုတာ ကျွန်တော်တို့လည်း ကြားတယ်။ ရွာတွေဘက်မှာဆိုလည်း အိမ်မွေးတိရစ္ဆာန်တွေ ပျောက်နေတယ်လို့ တိုင်လာတာရှိတယ်” လို့ သူက ပြောပါတယ်။

 

ခိုးယူဖောက်ထွင်းမှုတွေကို ထိရောက်စွာ မတားဆီးနိုင်တာနဲ့ တရားဥပဒေစိုးမိုးရေး အားနည်းနေတာတွေဟာ ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုရှိနေပါတယ်။ ဒေသခံတွေကတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ခိုးယူဖောက်ထွင်းမှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး ပြည်သူ့လုံခြုံရေးနဲ့ ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားကြပါတယ်။

 

ဓာတ်ပုံ – ပေးပို့ 

ပုံစာ – ခိုးယူခံရပြီနောက် ​မင်းတပ်မြို့တစ်နေရာတွင် ဖွက်ထားခဲ့သည့် ခိုးရာပါ ဆိုင်ကယ်တစ်စီးကို မြင်ရပုံ 

CJ