ရခိုင်မှာ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် မြို့နယ် ၄ ခုက စာသင်ကျောင်းတွေ ယာယီပိတ်ထားရ
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ရခိုင်ပြည်က မြို့နယ် ၄ ခုမှာ စာသင်ကျောင်းတွေ ယာယီရပ်နားထားရတယ်လို့ ဒေသခံတွေနဲ့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်အုပ်စုက ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာကြောင့် စာသင်ကျောင်းတွေကို ယာယီပိတ်ထားရတာ ဖြစ်ပါတယ်။
လက်ရှိ စာသင်ကျောင်းတွေ ရပ်နားထားရတဲ့ မြို့နယ်တွေကတော့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ ဝီရဌာနီ (ပေါက်တော) တို့ ဖြစ်ပါတယ်။
စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားမှုနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ နေရာတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ကလေးတွေကို ကျောင်းပို့ဖို့ စိုးရိမ်နေရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
“စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေတာ။ ကိုယ့်အိမ်မှာကို နေရတာတောင် မလုံခြုံသလို ခံစားရတယ်။ ကလေးတွေကို ကျောင်းမထားရဲတော့ဘူး။ လေကြောင်းက အမြဲတမ်းစိုးရိမ်နေရတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်က ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့ အိန္ဒိယဈေးကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေဟာ လေကြောင်းအန္တရာယ်ကို ပိုမိုစိုးရိမ်ကြောက်လန့်နေကြရပါတယ်။ ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ကျောက်တော်မြို့ခံတစ်ဦးကလည်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးတွေကို ကျောင်းပို့ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။
“စစ်ကောင်စီက လူစုလူဝေးရှိတဲ့နေရာတွေကို ဗုံးချနေတော့ ပြည်သူတွေလည်း တော်တော်ကြောက်လန့်နေကြရတယ်။ ဒီလိုအချိန်မျိုးမှာ သားသမီးတွေကို ကျောင်းထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူတို့ ဗုံးကြဲချင်ရင် ကျောင်းတက်နေတဲ့ ကလေးတွေကိုလည်း ကြဲမှာပဲ။ တစ်ဖက်မှာလည်း ကလေးတွေရဲ့ ပညာရေးက အရေးကြီးတယ်ဆိုပေမဲ့ အသက်တစ်ချောင်း ရှင်ကျန်ရစ်ဖို့က ဒီကာလမှာ ပိုပြီးအရေးကြီးပါတယ်” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်မှာ ၂၀၂၃ ခုနှစ်ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ စာသင်ကျောင်းတွေကို နေရာရွှေ့ပြောင်းပြီး သင်ကြားခဲ့ရပါတယ်။
၂၀၂၄ ခုနှစ်မှာတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခအမျိုးသားပညာရေးဌာနကို စတင်ဖွဲ့စည်းပြီး ကျောင်းနေအရွယ်ကလေးတွေ ပညာရေးနဲ့ အလှမ်းမဝေးစေဖို့ စာသင်ကျောင်းတွေကို တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။
လက်ရှိမှာတော့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ကလေးတွေ ပညာဆက်လက်သင်ယူဖို့ အခက်အခဲဖြစ်နေပြီး စာသင်ကျောင်းတွေကို ယာယီပိတ်ထားရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – ပေးပို့
CJ
