မလေးရှားနဲ့ လာအိုမှာ အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေအတွက် CIထုတ်ပေးရေး ဆွေးနွေးနေ

Author CJ Platform
Categories
Published on Oct 19, 2026

မလေးရှားနဲ့ လာအိုနိုင်ငံတွေမှာ နေထိုင်အလုပ်လုပ်ကိုင်နေပြီး တရားဝင်အထောက်အထားစာရွက်စာတမ်း မပြည့်စုံတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ် (Certificate of Identity – CI) ထုတ်ပေးနိုင်မယ့် စင်တာတွေ ဖွင့်လှစ်ဖို့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့ စစ်အုပ်စုလက်အောက်ခံ မြန်မာအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အောက်တိုဘာ ၁၉ ရက်ထုတ် စစ်အုပ်စုရဲ့ သတင်းစာမှာ ဖော်ပြချက်အရ အလုပ်သမားဝန်ကြီးဌာနဟာ မလေးရှားနဲ့ လာအိုနိုင်ငံတို့က တာဝန်ရှိသူတွေနဲ့ အထောက်အထားထုတ်ပေးရေးစင်တာတွေ ဖွင့်လှစ်နိုင်ဖို့ ဆွေးနွေးနေပါတယ်။

 

မြန်မာအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက “မလေးရှားနဲ့ လာအိုနိုင်ငံတွေမှာ အထောက်အထားမပြည့်စုံတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် CI ထုတ်ပေးရေးစင်တာတွေ ဖွင့်လှစ်နိုင်ဖို့ ဆွေးနွေးနေပါတယ်။ ထိုင်းနိုင်ငံမှာလည်း CI စင်တာ ၅ ခု ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ပြည်ပအလုပ်သမားအထောက်အထားကတ် (OWIC) မရရှိသေးသူတွေကိုလည်း OWIC ကတ်နဲ့ C of I ကတ်တွေ ထုတ်ပေးသွားမှာပါ” လို့ ပြောပါတယ်။

 

လာအိုနိုင်ငံမှာ အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမား ၆၀,၀၀၀ ခန့်ရှိနေပြီး အဲဒီအလုပ်သမားတွေအတွက် CI စာအုပ်နဲ့ OWIC ကတ်တွေ ထုတ်ပေးနိုင်ဖို့ မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ လာအိုနိုင်ငံဆိုင်ရာ သံအမတ်တို့ကြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းစဉ်မှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး အီလက်ထရွန်နစ်နိုင်ငံသားစိစစ်ရေးစနစ် (e-ID) ကို အသုံးပြုဖို့လည်း ဆွေးနွေးထားပါတယ်။

 

မလေးရှားနိုင်ငံမှာ နေထိုင်နေတဲ့ အထောက်အထားမပြည့်စုံသူတွေကို တရားဝင်အထောက်အထားရရှိစေဖို့ စင်တာဖွင့်လှစ်ရေးနဲ့ နိုင်ငံသားဖြစ်ကြောင်း စိစစ်အတည်ပြုကာ စာရွက်စာတမ်းထုတ်ပေးရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

 

ဒီအစီအစဉ်အရ မလေးရှားနဲ့ လာအိုမှာ အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေကို သက်ဆိုင်ရာစင်တာတွေကတစ်ဆင့် အထောက်အထားစိစစ်ခြင်းနဲ့ စာရွက်စာတမ်းထုတ်ပေးခြင်းတွေ ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။

 

မလေးရှားနိုင်ငံမှာ စင်တာဖွင့်လှစ်မယ့်ရက်၊ လျှောက်ထားရမယ့် စာရွက်စာတမ်းစာရင်း၊ ကုန်ကျစရိတ်နဲ့ လျှောက်ထားနိုင်မယ့် အလုပ်သမားအုပ်စုတွေကိုတော့ လက်ရှိထုတ်ပြန်ထားတဲ့ သတင်းမှာ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။

 

စစ်အုပ်စုဟာ ရွေ့ပြောင်းမြန်မာလုပ်သားတွေဆီက အခွန်ငွေရရှိနိုင်ရေးအတွက် တင်းကြပ်မှုတွေ လုပ်ဆောင်လာပြီးနောက် အခုလို CI ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို ပိုမိုလုပ်ဆောင်လာတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC