ရိဒ်ခေါဒါရ်မြို့ကို ပြန်လည် သိမ်းပိုက်ဖို့ တီးတိန်က ကားအစီး ၅၀ ကျော်ကို စစ်အုပ်စုက ချောဆွဲ

Author CJ Platform
Categories
Published on Aug 17, 2026

စစ်အုပ်စုက ရိဒ်ခေါဒါရ်မြို့ကို ပြန်လည် သိမ်းပိုက်ဖို့အတွက် ချင်းပြည် တီးတိန်မြို့မှာရှိတဲ့ ကားအစီး ၅၀ ကျော်ကို အခမဲ့ချောဆွဲခေါ်ဆောင်နေတယ်လို့  တီးတိန်မြို့ခံ ကားသမားတွေဆီကနေ သိရပါတယ်။

 

ခုလို ကားတွေကို ခေါ်ယူရာမှာ ကားငှားရမ်းခ ဘယ်လောက်ပေးမယ်ဆိုပြီး သီးခြား ငှားရမ်းတာမျိုး မဟုတ်ဘဲ စစ်အုပ်စု တပ်သားတွေကို လိုက်လံ ပို့ဆောင်ပေးရမယ်လို့ ကားသမားတွေကို ပြောဆိုထားတာ ဖြစ်တယ်လို့ သိရတာပါ။

 

ရိဒ်ခေါဒါရ်မြို့ဘက်ကို စစ်အုပ်စု တပ်သားတွေ ပို့ဆောင်ရမယ့် အခြေအနေကြောင့် တချို့ ကားသမားတွေက ပိုက်ဆံ ဘယ်လောက်ပေးပေး ကားနဲ့ လိုက်ပါ ပို့ဆောင်မှာ မဟုတ်ဘူးလို့ ပြောဆိုကြပြီး စစ်အုပ်စု တပ်သားတွေကို လိုက်လံ ပို့ဆောင်ရင် သူတို့ကိုယ်တိုင်လည်း အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တာကြောင့် မလိုက်လိုကြတာ ဖြစ်တယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။

 

“ပိုက်ဆံ ဘယ်လောက်ပေးပေး ကားနဲ့ လိုက်မပို့နိုင်ဘူးလို့ ပြောတဲ့သူတွေ ရှိတယ်။ စစ်အုပ်စု တပ်သားတွေကို လိုက်ပို့ရင် ကျွန်တော်တို့ ကိုယ်တိုင်လည်း အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်။ အဲဒါကြောင့် မလိုက်ချင်ကြတာပါ” လို့ တီးတိန်မြို့က ကားသမားတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

ခုလို စစ်အုပ်စုဘက်က ကားတွေကို ခေါ်ယူနေတဲ့အတွက် တချို့ ကားပိုင်ရှင်တွေဟာ သူတို့ပိုင် ကားတွေကို ဝှက်ထားတာတွေ ရှိသလို တချို့ကလည်း ကားတွေနဲ့အတူ ရန်ကုန် အပါအဝင် တခြား မြို့တွေဘက်ကို ထွက်ခွာသွားကြတယ်လို့ သိရတာပါ။

 

တခြား ဒေသတွေကို ထွက်ခွာနိုင်ခြင်း မရှိတဲ့ ကားသမား တချို့ကတော့ သူတို့ပိုင် ကားတွေကို စစ်အုပ်စုဘက်က အသုံးပြုလို့ မရအောင် ကားဘီးတွေကို ချွတ်ပြီး ဝှက်ထားကြတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။

 

“တချို့ကတော့ သူတို့ပိုင်တဲ့ ကားတွေကို ဝှက်ထားကြတယ်။ တချို့ကတော့ ရန်ကုန်တို့ တခြား မြို့တွေဘက်ကို ဆင်းသွားကြတယ်။ အဲလို လုပ်လို့မရတဲ့သူတွေကတော့ ကားဘီးတွေကို ချွတ်ပြီး ဝှက်ထားကြတယ်” လို့ တီးတိန် မြို့ခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ဟွာလ်းငိုးရမ်ဒေသ၊ ရိဒ်ခေါဒါရ်မြို့ကို ချင်းပြည် (Chinland) ကောင်စီ မဟာမိတ်တပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ချင်းပြည် ကောင်စီအဖွဲ့နဲ့ Hualngo People’s Organization (HPO) အဖွဲ့က ပြည်သူ့အုပ်ချုပ်ရေးကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

လက်ရှိမှာ တီးတိန်မြို့က ကားအစီး ၅၀ ကျော်ကို ရိဒ်ခေါဒါရ်မြို့ဘက် စစ်အုပ်စု တပ်သားတွေ ပို့ဆောင်ရေးအတွက် ခေါ်ယူထားတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးဘဲ အဆိုပါ အခြေအနေတွေကို တီးတိန်မြို့က ကားသမားတွေဆီကနေ သိရတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

CJ 004