ထီလာနွယ်လို့ အမည်ကျော်တဲ့ ရွှေသိမ်တော်ကျောင်းတိုက် ဆရာတော်ကို စစ်အုပ်စုက ၂၁ရက်ကြာ အကြောင်းဖမ်းဆီး နှိပ်စက်ခဲ့လို့ ဆရာဒကာတွေက မင်းအောင်လှိုင်နဲ့ရဲချုပ်ဆီကို တိုင်
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ ဓမ္မာစရိယဘွဲ့ရ ဆရာတော်တစ်ပါးကို ၂၁ ရက်ကြာ ဖမ်းဆီးပြီး ရိုက်နှက်ခဲ့တဲ့ စခန်းမှူးနဲ့ အဖွဲ့ကို ဆရာဒကာတွေက တိုင်ကြားထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇူလိုင်လ ၂ ရက် ညနေပိုင်းက ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ရွာ၊ ရွှေသိမ်တော် ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ ဆရာတော် ဦးတေဇဝန္တကို သံရွာ နယ်မြေရဲစခန်းက စခန်းမှူး အပါအဝင် ရဲအင်အား ၁၀ ယောက်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
“သတင်းပေးတဲ့သူ ရှိလို့ ဖမ်းတာဆိုရင် ဘာကြောင့် ဖမ်းလဲဆိုတာ အကြောင်းပြချက် ပေးရမယ်။ အခုက ဘာအကြောင်းပြချက်မှ မရှိဘဲ ဆရာတော်ကို ရိုက်နှက် နှိပ်စက်တာ ရက်ပေါင်း ၂၀ ကျော်လောက် ရှိတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေ သွားပြောတာတောင် နောက် ၁၀ ရက် နှိပ်စက်ပြီးမှ ပြန်လွှတ်ပေးတာ” လို့ ပြောပါတယ်။
ဆရာတော် ဦးတေဇဝန္တ ဖမ်းဆီးခံရပြီးနောက် ဇူလိုင်လ ၁၂ ရက်နေ့မှာ ဟန်မြင့်မိုရ်ရွာ အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေဟာ ရဲစခန်းဆီ သွားရောက်ကာ ဆရာတော်မှာ အပြစ်မရှိကြောင်း အာမခံခဲ့ပေမဲ့ ဇူလိုင်လ ၂၂ ရက်ကျမှ အတွင်းဒဏ်ရာတွေနဲ့ ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဆရာတော် ဦးတေဇဝန္တမှာ သက်တော် ၃၉ နှစ်၊ ဝါတော် ၂၀ ရှိပြီး သာသနဓဇ ဓမ္မာစရိယဘွဲ့ရ ရဟန်းတစ်ပါး ဖြစ်သလို “ထီလာနွယ်” ကလောင်အမည်နဲ့ ဘာသာရေး စာပေတွေကို ရေးသား ပြုစုနေတဲ့ ရဟန်းတစ်ပါး ဖြစ်တယ်လို့ ဆရာဒကာတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
“သံရွာ နယ်မြေရဲစခန်းက စခန်းမှူးကို ရိုက်နှက်ခံရတဲ့ ဆရာတော် ကိုယ်တိုင် တိုင်ထားသလို ရပ်မိရပ်ဖတွေနဲ့ ဆရာဒကာတွေကလည်း တိုင်ထားပါတယ်။ အခုထိ စစ်ဆေးတာ မရှိသေးပါဘူး” လို့ ပြောပါတယ်။
စစ်အုပ်စုရဲ့ ကျောက်ဆည် ရဲစခန်းက ပြန်လွှတ်လာပြီးနောက် ရဲတွေ ရိုက်နှက်မှုကြောင့် ဒဏ်ရာများစွာ ရရှိခဲ့တဲ့ ဆရာတော်မှာ ဆေးကုသမှု ခံယူပြီးနောက် ဩဂုတ်လ အစောပိုင်းမှာ နိုင်ငံတော်သမ္မတနဲ့ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်တို့ဆီ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
