ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ ပြည်သူတွေဆီက သိမ်းဆည်းထားတဲ့ ကုန်ပစ္စည်းတွေကို စစ်အုပ်စုက လေလံတင်ရောင်းချဖို့ လုပ်ဆောင်နေ
ပဲခူးတိုင်းအတွင်းရှိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ အာဏာသိမ်းစစ်အုပ်စုက မတရားဖမ်းဆီးသိမ်းဆည်းထားတဲ့ အရပ်သားပြည်သူတွေရဲ့ ကုန်ပစ္စည်းတွေကို လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှာ စစ်ဆေးရေးဂိတ်အတွင်းမှာပဲ လေလံတင်ရောင်းချသွားမယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှတ်တမ်းတွေအရ သိရပါတယ်။
စစ်အုပ်စုဘက်က လာမယ့် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ ဖမ်းဆီးသိမ်းဆည်းထားတဲ့ တရားမဝင်သွင်းကုန်ဟု စွပ်စွဲထားတဲ့ ကုန်စည်အမှုတွဲ ၁၁ မှုကို လေလံတင်ရောင်းချသွားမှာဖြစ်ပြီး၊ အဆိုပါကုန်ပစ္စည်းတွေထဲမှာ လက်ကိုင်ဖုန်းတွေ၊ မော်တော်ယာဉ်အပိုပစ္စည်းတွေ၊ စက်အပိုပစ္စည်းတွေ၊ ကားတာယာတွေ၊ ဘက်ထရီတွေ၊ စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ အများအပြားပါဝင်နေတယ်လို့ ဒေသတွင်း ကုန်သည်လုပ်ငန်းရှင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“လေလံဆွဲဖို့အတွက် ဖောင်တစ်စောင်ကို ငွေကျပ်တစ်သောင်း ပေးသွင်းဝယ်ယူရပါတယ်။ လေလံတင်မယ့် ကုန်ပစ္စည်းတွေကိုတော့ ဇူလိုင်လ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်အတွင်းမှာ ကိုယ်တိုင်မျက်မြင် သွားရောက်ကြည့်ရှုစစ်ဆေးလို့ရအောင် ပြသထားတယ်” လို့ သူက ရှင်းပြပါတယ်။
မြေပြင်မှာတော့ တရားမဝင်ကုန်ပစ္စည်းတားဆီးရေး စီမံချက်တွေကို အကြောင်းပြပြီး ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ စစ်အုပ်စုက တောင်းခံတဲ့ လာဘ်ငွေကို အဆမတန် မပေးဆောင်နိုင်တဲ့ ကုန်တင်ကားတွေကိုသာ ရွေးချယ်ပြီး မတရားဖမ်းဆီးအရေးယူနေတာဖြစ်တယ်လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက CJ Platform ကို ဖွင့်ဟပြောဆိုထားပါတယ်။
“အခုလို လေလံပစ်ထုတ်ရောင်းခံရတဲ့ ကုန်ပစ္စည်းတွေဆိုတာ စစ်အုပ်စုဂိတ်က တောင်းတဲ့ငွေကို ညှိနှိုင်းလို့မရလို့ သိမ်းဆည်းခံလိုက်ရတာတွေ ဖြစ်ပါတယ်။ သူတို့တောင်းတဲ့ လာဘ်ငွေက ကားတစ်စီးကို ငွေကျပ်သိန်း ၁၀၀ ကနေ သိန်း ၃၀၀ ဝန်းကျင်အထိ ပေးဆောင်ဖို့ စစ်အုပ်စုဘက်က တောင်းခံတာပါ။ အဲဒီလောက်အထိ အဆမတန်မပေးနိုင်တဲ့ ယာဉ်မောင်းတွေနဲ့ ကုန်သည်တွေကတော့ နောက်ဆုံးမှာ ကုန်ပစ္စည်းတွေကို မရွေးချယ်နိုင်တော့ဘဲ အဆုံးရှုံးခံလိုက်ကြရတာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ပဲခူးတိုင်း၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ဟာ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ကားတွေဆီကနေ အဓမ္မငွေကြေးတောင်းခံမှု အလွန်ကြမ်းတမ်းတာကြောင့် ကုန်ကားမောင်းနှင်သူတွေအနေနဲ့ အဆိုပါဂိတ်ကို ရှောင်ကွင်းပြီး ဘေးလမ်းတွေကနေ ရှောင်ကွင်းသွားလာနေကြတာကြောင့် ပဲခူးတိုင်းနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက ရှောင်ကွင်းသွားလာတဲ့ ကုန်တင်ကားတွေကိုပါ လိုက်လံပိတ်ဆို့ဖမ်းဆီးဖို့ အမိန့်ပေးညွှန်ကြားခဲ့ရတဲ့အထိ နာမည်ဆိုးဖြင့် ကျော်ကြားနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်အုပ်စုရဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ထုတ်ပြန်ချက်အတွင်းမှာ “သွင်းကုန်လိုင်စင် သို့မဟုတ် ပါမစ်တစ်စုံတစ်ရာမရှိဘဲ ကုန်ပစ္စည်းတွေ တင်သွင်းလာတာကို စစ်ဆေးတွေ့ရှိရရင် ကုန်ပစ္စည်းအမျိုးအစားအလိုက် တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်းကနေ ၃၀၀ ရာခိုင်နှုန်းအထိ ဒဏ်ငွေအဆမတန် ရိုက်နိုင်ပြီး၊ ကုန်ပစ္စည်းအားလုံးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ အကောက်ခွန်ဆိုင်ရာဥပဒေ ပုဒ်မ ၁၆၇ (၁) နဲ့ တရားစွဲဆိုနိုင်တယ်” လို့ ခြိမ်းခြောက်ဖော်ပြထားပါတယ်။
ပဲခူးတိုင်းအတွင်းမှာ ခရီးသွားပြည်သူတွေနဲ့ ကုန်သည်တွေအပေါ် ငွေညှစ်ဖမ်းဆီးမှုကြောင့် နာမည်ဆိုးနဲ့ အလွန်ကျော်ကြားလှတဲ့ စစ်ဆေးရေးဂိတ်တွေထဲမှာ ယခုညောင်ခါးရှည်ဂိတ်ဟာ ထိပ်ဆုံးက ပါဝင်နေပြီး၊ ကုန်တင်ကားတွေကို အဓမ္မဖမ်းဆီးကာ ငွေကြေးအဆမတန် တောင်းခံနေတာကြောင့် ယာဉ်မောင်းတွေနဲ့ ကုန်သည်တွေအနေနဲ့ လုပ်ငန်းခွင်အတွင်း အသက်မွေးဝမ်းကျောင်းပြုရာမှာ အခက်အခဲမျိုးစုံနဲ့ စိုးရိမ်ထိတ်လန့်စွာ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ အခုလို တင်းကျပ်ထားမှုတွေကြောင့် ပြည်တွင်းမှာ နိုင်ငံခြားကုန်စည်တွေ ပြတ်လပ်လာနေပြီး စျေးနှုန်းအဆမတန်မြင့်တက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
