ဖောင်းပြင်နဲ့ မဒေါက်မြို့က မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ ရေဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ မိုးဇလ သတိပေး
ချင်းတွင်းမြစ်ရေနဲ့ စစ်တောင်းမြစ်ရေဟာ စစ်ကိုင်းတိုင်းအတွင်းရှိ ဖောင်းပြင်မြို့နဲ့ ပဲခူးတိုင်းအတွင်းရှိ မဒေါက်မြို့တို့မှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိနေတာကြောင့် မြစ်ကမ်းဘေးနေထိုင်သူတွေနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာဆီသို့ အမြန်ဆုံး ရွှေ့ပြောင်း နေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန် သတိပေးလိုက်ပါတယ်။
လက်ရှိမြေပြင်အခြေအနေမှာ ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်းအတွင်းရှိ ဖောင်းပြင်မြို့မှာ စိုးရိမ်ရေအမှတ်ရဲ့ အထက် ၁ ပေဝန်းကျင်ခန့်မှာ ရောက်ရှိနေပြီး၊ နောက်ထပ် ၁ ရက်တာ ကာလအတွင်းမှာ ပေဝက်ခန့် ပြန်လည်ကျဆင်းသွားနိုင်သော်လည်း စိုးရိမ်ရေအမှတ်ရဲ့ အထက်မှာပဲ ဆက်လက်တည်ရှိနေဦးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှတ်တမ်းတွေအရ သိရပါတယ်။
အလားတူပဲ စစ်တောင်းမြစ်ရေဟာလည်း ပဲခူးတိုင်းအတွင်းရှိ မဒေါက်မြို့မှာ စိုးရိမ်ရေအမှတ်ရဲ့ အထက် ပေဝက်ကျော်ဝန်းကျင်မှာ ရောက်ရှိနေပြီး၊ နောက်ထပ် ၁ ရက်တာ ကာလအတွင်းမှာ ၃ လက်မခန့် ပြန်လည်ကျဆင်းသွားနိုင်ပေမဲ့လည်း စိုးရိမ်ရေမှတ်ရဲ့ အထက်မှာပဲ ဆက်လက်ရှိနေဦးမှာ ဖြစ်တယ်လို့ မိုးဇလဘက်က ဆိုထားပါတယ်။
ဒါကြောင့်မို့လို့ ဖောင်းပြင်မြို့နယ်နဲ့ မဒေါက်မြို့အတွင်းမှာရှိတဲ့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်ကြသူ ပြည်သူတွေအနေနဲ့ ရုတ်တရက် ရေကြီးရေလျှံမှုတွေနဲ့အတူ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ဘေးကင်းလုံခြုံရာ နေရာတွေဆီသို့ ကြိုတင်ရွှေ့ပြောင်းကြဖို့ မိုးဇလဘက်က အသိပေး နှိုးဆော်ထားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း လေစီးကြောင်းပြောင်းလဲမှုတွေနဲ့ ကမ္ဘာ့ရာသီဥတု အခြေအနေတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းမှုဖြစ်စဉ်တွေ ခပ်စိပ်စိပ် ထပ်မံဖြစ်ပွားလာနိုင်ပြီး၊ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့ နောက်ပိုင်းအချိန်တွေမှာတော့ မိုးရွာသွန်းမှုနည်းပါးလေ့ရှိတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာပါ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိလာနိုင်တယ်လို့ ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါကြောင့်မို့လို့ ရခိုင်ပြည်တွင်း ဒေသတွေအပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာပါ မြစ်ရေကြီးတာ၊ တောင်ကျရေ ရုတ်တရက် လျှံတက်လာတာတွေအပြင် ရှမ်းကုန်းပြင်မြင့် ဒေသတွေမှာလည်း မြေပြိုတာနဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့တဲ့ အန္တရာယ်တွေကို ပြည်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ မိုးလေဝသပညာရှင်တွေကလည်း တိုက်တွန်းနှိုးဆော်ထားကြပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – မဒေါက်မြို့ ရေကြီးနစ်မြုပ်နေပုံ (ပုံဟောင်း)
