ထန်းတပင်မှာ ရဲမှူးအဖြစ် ဟန်ဆောင်သွားလာနေတဲ့ လူငယ်တစ်ဦး အဖမ်းခံရ
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် အေးရွာလေးကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်တုန်းက ရဲမှူးအဆင့်ရှိ ဝန်ထမ်းစိစစ်ရေးကတ်ပြားကို အတုပြုလုပ်ကိုင်ဆောင်ထားတဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်ခန့်က အေးရွာလေးလမ်းဆုံအနီးမှာ လမ်းလျှောက်လာတဲ့ အမျိုးသားတစ်ဦးကို စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက မသင်္ကာဖွယ်တွေ့ရှိလို့ စစ်ဆေးရာကနေတစ်ဆင့် ရဲမှူးဝန်ထမ်းစိစစ်ရေးကတ်ပြားအတုနဲ့အတူ လက်ဝယ်ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ မြို့ခံပြည်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“လှည့်ကင်းအဖွဲ့က လမ်းပေါ်မှာ သွားလာနေတာကို မသင်္ကာလို့ တားဆီးစစ်ဆေးတဲ့အချိန်မှာ ‘ငါက လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲမှူးဗျ’ ဆိုပြီး ရဲဝန်ထမ်းကတ်ပြားကို ထုတ်ပြတာ ဖြစ်ပါတယ်။ သူ့ကို ဝင်ရောက်စစ်ဆေးတဲ့ ရဲဝန်ထမ်းကိုယ်တိုင်က အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ တပ်ကြပ်ကြီးအဆင့်ပဲ ရှိသေးတာပါ။ အခုဟာက အသက် ၂၂ နှစ်လေးနဲ့ ရဲမှူးအဆင့်ဆိုပြီး လာလိမ်နေတာကြောင့် မသင်္ကာဘဲ ချက်ချင်း ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။
အခုလိုမျိုး ရဲမှူးအဖြစ် ဟန်ဆောင်ဖမ်းဆီးခံရသူဟာ တိုက်ကြီးမြို့နယ်၊ ရွာသာကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် ချမ်းငြိမ်းအောင် ဆိုသူ ဖြစ်ပြီး၊ ၎င်းရဲ့လက်ဝယ်ကနေ လ – ၃—-၊ ရဲမှူး ချမ်းငြိမ်းအောင် အမည်ပါရှိတဲ့ ဝန်ထမ်းစိစစ်ရေးကတ်ပြားအတု တစ်ခုကို သက်သေအဖြစ် သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်က မတရားအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ မပါဝင်တဲ့ (Non-CDM) ဝန်ထမ်းတွေအနေနဲ့ မိမိတို့ကိုယ်ကို ဌာနဆိုင်ရာ ဝန်ထမ်းဖြစ်ကြောင်း ပြည်သူတွေမသိအောင် နေထိုင်နေရတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး၊ အခုလိုမျိုး ဌာနဆိုင်ရာ ဝန်ထမ်းအယောင်ဆောင်ကာ မသမာနည်းနဲ့ လုပ်စားသူတွေ ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform သို့ သုံးသပ်ပြောကြားထားပါတယ်။
“စစ်တပ်က အာဏာသိမ်းပြီးကတည်းက အခုအချိန်ထိ မြေပြင်မှာရှိတဲ့ ဝန်ထမ်းတိုင်းဟာ လူမသိသူမသိ ပုန်းလျှိုးကွယ်လျှိုးနဲ့ ကြောက်လန့်တကြား နေထိုင်နေကြရတာ ဖြစ်ပါတယ်။ နယ်မြေတည်ငြိမ်မှုမရှိတဲ့ ဒေသတွေမှာဆိုရင် ဝန်ထမ်းဖြစ်ကြောင်း လုံးဝအသံမထွက်ရဲကြပါဘူး၊ အသံထွက်တာနဲ့ အသက်အန္တရာယ် ရှိနိုင်လို့ပါ” လို့ သူက ဆိုပါတယ်။
လတ်တလောအချိန်မှာတော့ ဝန်ထမ်းအယောင်ဆောင် ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုချမ်းငြိမ်းအောင်ကို ထန်းတပင်မြို့မရဲစခန်းကနေ (ပ) ၉၂ / ၂၀၂၆ နိုင်ငံ့ဝန်ထမ်းအယောင်ဆောင်မှုဆိုင်ရာ ပုဒ်မ ၁၇၀၊ စာရွက်စာတမ်းအတုပြုလုပ်မှုဆိုင်ရာ ပုဒ်မ ၄၆၈ တို့နဲ့ တရားဝင် အမှုဖွင့်လှစ်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တုန်းကလည်း ရန်ကုန်မြို့ပေါ်မှာ ဒုရဲမှူးအဖြစ် ဟန်ဆောင်လှည့်ဖြားခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ကိုပြည့်လင်းအောင် ဆိုသူကို စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက မြေပြင်မှာ ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ဖူးပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
