ထန်းတပင်မှာ KG ကျောင်းသူလေးကို အဓမ္မကျင့် သတ်ဖြတ်ပြီး နားကပ်လုယက်မှုဖြစ်ပွား

Author CJ Platform
Categories
Published on Jul 04, 2026

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က အသက် ၅ နှစ်အရွယ် KG ကျောင်းသူလေးကို အဓမ္မကျင့် သတ်ဖြတ်ပြီး၊ ဝတ်ဆင်ထားတဲ့ ရွှေနားကပ်ကို ဖြတ်တောက်လုယူသွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

 

မနေ့ နံနက် ၈ နာရီခွဲအချိန်က တူးချောင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၅ နှစ်အရွယ် KG ကျောင်းသူတစ်ဦးဟာ နေအိမ်ကနေ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တာကြောင့် မိသားစုဝင်တွေနဲ့ ဒေသခံတွေက လိုက်လံရှာဖွေခဲ့ကြရာ၊ ည ၁၁ နာရီခွဲအချိန်ကျမှ သေဆုံးနေတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မနက်ပိုင်းကတည်းက မိဘတွေ လိုက်လံရှာဖွေတာ မတွေ့ရဘူး။ ညဘက်ရောက်မှ တူးချောင်း အမှိုက်ပုံအနီးမှာ ရုပ်အလောင်းကို တွေ့ရှိရတာ။ စောင်နဲ့ ထုပ်ပိုးပြီး ပီနံအိတ်နဲ့ လာရောက်စွန့်ပစ်သွားတာ ဖြစ်ပါတယ်။ ဆေးရုံဘက်ကတော့ အဓမ္မကျင့် သတ်ဖြတ်ပြီး နားနှစ်ဖက်ကို ဖြတ်တောက်ကာ နားကပ် လုယူသွားတာလို့ ပြောပါတယ်” လို့ သူက ပြောပြပါတယ်။

 

အဆိုပါ ရက်စက်စွာ လုယက်သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ကလေးငယ်ဟာ KG အတန်းတက်ရောက်နေတဲ့ အသက် ၅ နှစ်အရွယ် မ—- ဖြစ်ပြီး၊ သူဝတ်ဆင်ထားတဲ့ ရွှေနားကပ်ဟာ ကာလတန်ဖိုး ကျပ် ဆယ်သိန်းခန့် ရှိတယ်လို့ သူက ရှင်းပြပါတယ်။

 

ကလေးငယ်ရဲ့ ရုပ်အလောင်းကို လှိုင်သာယာမြို့နယ် အရှေ့ပိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရာ၊ တာဝန်ကျဆရာဝန်ကြီးရဲ့ ဆေးစစ်ချက်အရ အဓမ္မကျင့် လုယက်သတ်ဖြတ်ခံရခြင်း ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

 

မိဘအုပ်ထိန်းသူတွေအနေနဲ့ ယခုကဲ့သို့ ခေတ်ကာလအတွင်း ကလေးသူငယ်တွေကို ရွှေထည်လက်ဝတ်ရတနာများ ဝတ်ဆင်ပေးခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေကြောင်း မြို့ခံတစ်ဦးက CJ Platform ကို သုံးသပ်ပြောကြားပါတယ်။

 

“ခေတ်ပျက်နေတဲ့ အချိန်မျိုးမှာ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို ရွှေထည်ပစ္စည်းတွေ ဆင်မြန်းပေးတယ်ဆိုတာ အန္တရာယ်ကို လက်ရက်ခေါ်သလိုပါပဲ။ အခုလို ကျောင်းဖွင့်ရာသီမှာ ပိုပြီးတော့ သတိထားသင့်ပါတယ်” လို့ သူက ဆိုပါတယ်။

 

လက်ရှိအချိန်မှာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးပေမဲ့လည်း ထန်းတပင်မြို့မရဲစခန်းက လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ပြီး တရားခံကို အပူတပြင်း လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကလည်း အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်မှာ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ဖူးကြောင်း ဒေသတွင်း မှတ်တမ်းတွေအရ သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC