ထန်းတပင်မှာ ကလေးငယ်တစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့သူဆိုသူက ဖမ်းဆီးထားချိန် ထွက်ပြေးလို့ ရဲက သေနတ်နဲ့ ပစ်သတ်

Author CJ Platform
Categories
Published on Jul 08, 2026

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့သူ ဆိုသူဟာ ဒီကနေ့ (ဇူလိုင်လ ၈ ရက်) နံနက်ပိုင်းက ထွက်ပြေးဖို့ ကြိုးပမ်းတာကြောင့် ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

ယနေ့နံနက် ၈ နာရီဝန်းကျင်အချိန်က ထန်းတပင်မြို့နယ်၊ သပြေခြံကျေးရွာ၊ မင်းထက်မင်းဆိပ်ကမ်းသွားတဲ့လမ်းက တောစပ်တစ်ခုမှာ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ သက်သေခံပစ္စည်းတွေကို လိုက်လံပြသခိုင်းစဉ် ပြစ်မှုကျူးလွန်သူက ရဲတပ်ဖွဲ့ဝင်တွေကို တွန်းလှဲပြီး ထွက်ပြေးခဲ့တာကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ပြစ်မှုကျူးလွန်ကြောင်း သရုပ်ပြမှတ်တမ်းတင်တဲ့အချိန် ရဲကိုတွန်းလှဲပြီး ထွက်ပြေးလို့ ရဲက သေနတ်နဲ့ လှမ်းပစ်လိုက်တာ ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်ပါတယ်” လို့ သူက ပြောပြပါတယ်။

 

သေဆုံးသွားတဲ့ ကိုရဲဝင်းပိုင် (ခ) ကျွဲကြီး ရဲ့ ရုပ်အလောင်းကို လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး၊ တက်သစ်ရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။

 

ကိုရဲဝင်းပိုင် (ခ) ကျွဲကြီး ဟာ ထန်းတပင်မြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်နေစဉ် ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး၊ အဆိုပါနေ့မှာတင် ထန်းတပင်မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ထန်းတပင်မြို့နယ်၊ —ကျေးရွာမှာ အသက် ၅ နှစ်အရွယ် KG တန်း တက်ရောက်နေတဲ့ မ— ဟာ ကျောင်းသွားဖို့ ပြင်ဆင်နေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

 

ကလေးငယ် မ— ကို မိဘနှစ်ပါးနဲ့အတူ မိသားစုဝင်တွေက လိုက်လံရှာဖွေခဲ့ကြရာ အဲဒီနေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန်မှာ တူးချောင်းကျေးရွာ၊ ကံမြင့်လမ်းအနီးရှိ စောင်နဲ့ ပတ်ထားတဲ့ အထုပ်တစ်ထုပ်အတွင်းကနေ သေဆုံးနေတဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

 

အလားတူပင် ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အနောက်ကြိုင်းကုန်းရပ်ကွက်မှာ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

 

ဓာတ်ပုံ – Pro / SAC