တန့်ဆည်အနောက်ခြမ်းတွင် ခရီးသည်တင်ကုန်စုံကားတစ်စီး ဓားပြတိုက်ခံရပြီး သိန်း ၄၀ ကျော်ပါသွား
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အနောက်ခြမ်းနဲ့ မင်းကင်းမြို့နယ်အစပ်မှာ ခရီးသွားကုန်စုံကားတစ်စီး ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၄၀ ကျော် ပါသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဓားပြတိုက်ခံရတဲ့ နေရာဟာ ကလေးဝမြို့နယ်ကနေ တန့်ဆည်မြို့နဲ့ ရေဦးမြို့ဘက်သို့ ချိတ်ဆက်ထားတဲ့ လမ်းပိုင်း၊ တန့်ဆည်မြို့နယ်အနောက်ခြမ်း ၃၉ မိုင်နေရာဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အခင်းဖြစ်ပွားရာနေရာဟာ တန့်ဆည်မြို့နယ်၊ ရွာသာယာကျေးရွာနဲ့ ၃၅ မိုင်ခန့် ကွာဝေးကြောင်း သိရပါတယ်။
အဲဒီလမ်းပိုင်းဟာ မဟာမြိုင်တောအစ ခရီးသွားကားတွေနဲ့ ရေဦးမြို့၊ တန့်ဆည်မြို့ဘက်မှ မော်လိုက်မြို့၊ ဖောင်းပြင်မြို့၊ ဟုမ္မလင်းမြို့ဘက်သို့ ဆီ၊ အရက်၊ ဘီယာ၊ အအေးနဲ့ ကုန်မျိုးစုံ တင်ဆောင်ကာ ဈေးရောင်းသွားကြတဲ့ ကားကြီး၊ ကားလေးများ အဓိက အသုံးပြုသွားလာနေတဲ့ လမ်းပိုင်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အဆိုပါဘက်က မဟာမြိုင်တောအစဆိုတော့ တစ်ရွာနဲ့တစ်ရွာကလည်း အလှမ်းဝေးတယ်။ လမ်းရဲ့ ဘေးဝဲယာကလည်း တောတွေဖြစ်ပြီး ကျေးရွာတွေနဲ့ ဝေးတဲ့နေရာပါ” လို့ တန့်ဆည်မြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
ဇူလိုင်လ ၂ ရက်နေ့က ဖြစ်စဉ်မှာ ကားနဲ့အတူ ငွေကျပ် သိန်း ၄၀ ကျော် ဓားပြတိုက်ခံရပြီးနောက်၊ ဒေသခံတွေနဲ့ မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တွေ ပူးပေါင်းကာ လိုက်လံရှာဖွေရာမှာ တောတွင်းနေရာတစ်ခုမှာ ယူဆောင်သွားတဲ့ကားကို ထန်းရွက်တွေနဲ့ ပတ်လည်အုပ်ကာ ဝှက်ထားခဲ့ပြီး ကားပတ်လည်မှာ မိုင်းတွေ ဆင်ထားခဲ့တယ်လို့ သိရပါတယ်။
“ကားတော့ ပြန်တွေ့ပြီ။ အရင် တန့်ဆည်လက်နက်ကြီးအဖွဲ့ ထိုင်ခဲ့ဖူးတဲ့ စခန်းဟောင်းနေရာထဲမှာ ကားကို ထန်းရွက်တွေနဲ့အုပ်ထားပြီး မိုင်းတွေ ဆင်ထားတာ တွေ့ရတာ။ အခု ကားထားခဲ့တဲ့ ဌာနေဟောင်းက အဖွဲ့ခေါင်းဆောင်က မန္တလေးမြို့မှာ အဖမ်းခံရလို့ အဖွဲ့ပျက်သွားပြီ။ အဖွဲ့ဝင်တွေလည်း အခြားအဖွဲ့တွေထဲ ရောက်ကုန်ပါပြီ” လို့ တန့်ဆည်မြို့နယ်က ရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။
အဆိုပါ လမ်းပိုင်းမှာပင် ယခု ၂၀၂၆ ခုနှစ်အတွင်းမှာ အလားတူ ဓားပြတိုက်မှုဖြစ်စဉ် ရှိခဲ့ဖူးပြီး၊ ကားတစ်စီးနှင့် ငွေကျပ်သိန်း ၁၀၀ ဓားပြတိုက်ခံခဲ့ရဖူးတယ်လို့ သိရကာ၊ ဓားပြတိုက်မှုဖြစ်စဉ်တွေမှာ ပါဝင်သူတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။
