အသက်မပြည့်သေးတဲ့ စစ်မှုထမ်း ၁၀၀ ကျော် မိဘတွေထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ စစ်အုပ်စုပြော

Author CJ Platform
Categories
Published on Jul 03, 2026

ပေါ်တာဆွဲ ဖမ်းဆီးမှုအပါအဝင် နည်းလမ်းမျိုးစုံနဲ့ စစ်မှုထမ်းဆင့်ခေါ်ခြင်း ခံခဲ့ရတဲ့ အသက်မပြည့်သေးသူ ကောင်စီ/စစ်အုပ်စုလက်အောက်ခံ ကလေးငယ် ၁၁၃ ဦးကို မိဘအုပ်ထိန်းသူတွေထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ စစ်အုပ်စုခန့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် က ပြောကြားလိုက်ပါတယ်။

 

နေပြည်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တဲ့ “အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၁/၂၀၂၆)” မှာ စစ်အုပ်စုခန့် ကာကွယ်ရေးဝန်ကြီးက ယခုလိုမျိုး ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

“အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စစ်မှုထမ်းရန်အတွက် မှားယွင်းဆင့်ခေါ်ခံခဲ့ရတဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ် ၁၁၃ ယောက်ကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကတစ်ဆင့် မိဘအုပ်ထိန်းသူတွေထံ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်” လို့ သူက ဆိုပါတယ်။

 

မိဘအုပ်ထိန်းသူတွေထံ ပြန်လည်အပ်နှံခဲ့တဲ့ အဆိုပါလူငယ်တွေဟာ စစ်မှုထမ်းပတ်စဉ် ၁ ကနေ စစ်မှုထမ်းပတ်စဉ် ၂၄ အတွင်း ရောက်ရှိနေသူတွေဖြစ်ပြီး၊ အသက် ၁၈ နှစ်မပြည့်သေးသူတွေ ဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ကတည်းက စစ်အုပ်စုအနေနဲ့ Country Task Force on Monitoring and Reporting (CTFMR) တို့နဲ့ လုပ်ငန်းစီမံချက် (Plan of Action) ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

 

စစ်အုပ်စုက အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ် ၁၁၃ ဦးကို မိဘအုပ်ထိန်းသူတွေထံ ပြန်လည်အပ်နှံလိုက်တယ်လို့ ပြောဆိုနေပေမဲ့လည်း၊ ခိုင်လုံတဲ့ မှတ်တမ်းမှတ်ရာနဲ့ ဓာတ်ပုံများ ထွက်ပေါ်လာခြင်းမရှိတာကြောင့် ယုံကြည်ရခက်ခဲတယ်လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက CJ Platform ကို သုံးသပ်ပြောဆိုပါတယ်။

 

“စစ်တပ်ရဲ့ ပြောစကားက ယုံကြည်ရတာ မဟုတ်ဘူး။ တပ်မိသားစုဝင်တွေကို ပြန်ခေါ်ပြီး လူငယ်တွေ မိသားစုထံ ပြန်အပ်တယ်ဆိုပြီး ဟန်ပြလုပ်ချင်လုပ်မှာ။ အခု ဝန်ကြီးပြောတာတောင် ခိုင်လုံတဲ့ မှတ်တမ်းမှတ်ရာ တစ်ခုမှမပါဘူး” လို့ သူက ပြောပြပါတယ်။

 

ယခု ၂၀၂၆ ခုနှစ်အတွင်း ပေါ်တာဆွဲ ဖမ်းဆီးမှု သတင်းတွေဟာ အရင်ကထက် ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာတာကြောင့် စစ်တပ်ဘက်က အလန့်တကြား ထွက်ရှင်းရတာဖြစ်တယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဒီနှစ်ထဲမှာ အသက် ၅၂ နှစ်အရွယ်ကို ၃၅ နှစ် မှတ်ပုံတင်အဖြစ် ပြောင်းလဲပြီး စစ်မှုထမ်းထဲ ထည့်တဲ့ကိစ္စ၊ ရဲတပ်သားကို ပေါ်တာဆွဲတဲ့ကိစ္စ၊ ယောက်ျားစိတ်ပေါက်နေတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီး စစ်ထဲထည့်တဲ့ကိစ္စတွေ အများကြီးပဲ။ ဒီလောက်အထိ အသံတွေ ထွက်ပေါ်လာလို့ သူတို့ ထွက်ရှင်းတာပါ” လို့ သူက ဆိုပါတယ်။

 

စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း စစ်မှုထမ်းရန်အတွက် လစဉ်ကြေးကောက်ခံတာ၊ လူအစားထိုးတာနဲ့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ဆက်တိုက်ဖြစ်ပွားနေပြီး၊ တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ တိုင်ကြားခဲ့သူတစ်ဦးက CJ Platform ကို ရင်ဖွင့်ပါတယ်။

 

“တိုင်ကြားလည်း အလကားပါပဲ။ ဘာလို့လဲဆိုတော့ စစ်မှုထမ်းဆင့်ခေါ်ရေးမှာ အကုန်လုံးက ချိတ်ဆက်နေတာဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးကို စစ်မှုထမ်းကိစ္စနဲ့ မြို့နယ်ကို သွားတိုင်ရင် သူတို့က အချင်းချင်း ဖုန်းဆက်ပြီး ပြန်ပြောပြတာ။ ခရိုင်တွေ၊ တိုင်းတွေလည်း အတူတူပါပဲ” လို့ သူက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က မြန်မာနိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်းတွေမှာ စစ်မှုထမ်း ၂ နှစ်ပြည့် ပတ်စဉ် ၃ က လူငယ်တွေကို စစ်မှုထမ်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ကာ အိမ်ပြန်လွှတ်ခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေဖြစ်တဲ့ MWD နဲ့ MRTV တို့မှာ ဖော်ပြထားပါတယ်။

 

စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ သမ္မတအဖြစ် တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင်က အတည်ပြုခဲ့ပြီး၊ မတ်လ ၃၀ ရက်နေ့ကနေ ပတ်စဉ် ၁ ကို စတင်သင်တန်းပေးလာရာကနေ ယခုအခါမှာ ပတ်စဉ် ၂၇ အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – Pro/SAC

 

Related News

Depend on news