ဖားကန့်မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၇ ဦး ပျောက်ဆုံးနေ

Author CJ Platform
Categories
Published on Jul 03, 2026

ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာနဲ့ ကောင်စံကျေးရွာအကြားက ကုမ္ပဏီလုပ်ကွက်တစ်ခုမှာ ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေတဲ့ အလုပ်သမား ၇ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

နမ့်မှော်ကျေးရွာနဲ့ ကောင်စံကျေးရွာအကြား စိန်လုံတောင်တန်းကြောက ကုမ္ပဏီလုပ်ကွက်တစ်ခုမှာ ယနေ့နံနက် ၇ နာရီအချိန်က မြေစာပုံပြိုကျခဲ့တာဖြစ်ပြီး၊ ပြိုကျလာတဲ့ မြေစာပုံအောက်ထဲမှာ ရေမဆေးကျောက်ရှာဖွေသူ အလုပ်သမား ၇ ဦး ပိတ်မိနေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မိုးတွင်းကာလမှာ မြေစာပုံက ခဏခဏပြိုကျတတ်တယ်။ ဒီနေ့နံနက် ပြိုကျတာကတော့ ရေမဆေးကျောက်ရှာတဲ့ အလုပ်သမား ၇ ယောက် ပါသွားတယ်လို့ ပြောကြတယ်။ တချို့ကလည်း ၄ ယောက်လို့ ပြောနေကြတာရှိတယ်။ လက်ရှိမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေနေတုန်းပဲ။ ပြီးခဲ့တဲ့အပတ်က မြေစာပုံပြိုကျတုန်းကလည်း လူ ၅ ယောက် သေဆုံးခဲ့ရသေးတယ်” လို့ သူက ပြောပြပါတယ်။

 

မြေစာပုံအောက် ပိတ်မိနေသူတွေဟာ ဒေသခံ ရေမဆေးကျောက်ရှာဖွေသူတွေဖြစ်ကြပြီး၊ လက်ရှိအချိန်မှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံ ပရဟိတအဖွဲ့တွေက အပူတပြင်း ရှာဖွေစစ်ဆေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ကလည်း ဆိပ်မူကျေးရွာမှာ မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာ အလုပ်သမား ၅ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပေမဲ့လည်း၊ လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ အယောက် ၂၀ ကျော် ရှိနေသေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

အလားတူပင် ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကလည်း အေးမြသာယာကျေးရွာအုပ်စု၊ သောင်းချိုကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေစာပုံပြိုကျခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။

ဇွန်လဆန်းပိုင်းကစပြီး ကချင်ပြည်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ဖားကန့်မြို့ပေါ် လူနေရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေသလို၊ မြေစာပုံတွေကလည်း မကြာခဏ ပြိုကျနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ နှိုးဆော်အသိပေးထားကြောင်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news