ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အခါတော်ပေးဆရာ စန္ဒကူးမြိုင်ဆရာတော် အသတ်ခံရ
စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဗေဒင်ယတြာနဲ့ အခါတော်ပေးခဲ့ဖူးတဲ့ ဒေါက်တာဖေဉာဏ် (ခေါ်) ဆရာတော်ဦးပညာဝံသဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဓားနဲ့ထိုးသတ်ခြင်းခံရပြီး ပျံလွန်တော်မူသွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မနေ့ နံနက် ၁၁ နာရီခွဲအချိန်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စန္ဒကူးမြိုင်လမ်းရှိ စန္ဒကူးမြိုင်သာသနာ့ရိပ်သာကျောင်းအတွင်းမှာ ဆရာတော်ဦးပညာဝံသ အလုပ်ကြံခံခဲ့ရတာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မနေ့က ဘုန်းကြီးကျောင်းမှာ ပန်းရံလုပ်ကိုင်နေတဲ့သူနှစ်ဦးက ဆွမ်းချိုင့်ပို့မလို့ ဆရာတော်ကို ခေါ်ကြတာ။ တံခါးတွေအကုန်လုံး ပိတ်ထားလို့ မသင်္ကာတာနဲ့ ခေါင်းရင်းတံခါးကနေ ဝင်ရောက်ကြည့်ရှုမှ ဆရာတော် အသတ်ခံရတယ်ဆိုတာ သိရှိရတာပါ။ ဘာကြောင့် ရက်ရက်စက်စက် သတ်ဖြတ်သွားလဲဆိုတာတော့ လက်ရှိအချိန်ထိ မသိရသေးဘူး” လို့ သူက ပြောပြပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဟာ ဒေါက်တာဖေဉာဏ် (ခေါ်) ဆရာတော်ဦးပညာဝံသ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက သာသနာ့ဘောင်သို့ ဝင်ရောက်လာတာ ဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“ဦးသန်းရွှေ အနားယူသွားကတည်းက ဝတ်နေတာ။ ဘယ်အငြိုးနဲ့ လုပ်ကြံသွားလဲတော့ မသိရသေးဘူး။ ဓားနဲ့ ၇ ချက်တောင် ထိုးသတ်သွားတာပါ။ ရဲတပ်ဖွဲ့ဘက်ကတော့ လက်ရှိမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်” လို့ သူက ဆိုပါတယ်။
ဆရာတော်ရဲ့ ရုပ်အလောင်းကို စတင်တွေ့ရှိခဲ့တဲ့ ပန်းရံအလုပ်သမား ကိုမင်းနိုင်ဇော်၊ ဦးဝင်းရွှေနဲ့ ကျောင်းဒကာ ဦးနေမျိုးတို့ကို သက်ဆိုင်ရာ ရဲစခန်းက ခေါ်ယူစစ်ဆေးမေးမြန်းတာတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
စန္ဒကူးမြိုင်သာသနာ့ရိပ်သာ ဆရာတော်ဟာ မှော်ဘီမြို့နယ်အတွင်းမှာ ဗေဒင်ဟောပြောခြင်း၊ ယတြာပေးခြင်းနဲ့ ဝိပဿနာတရားပြသရာမှာ နာမည်ကြီးတာကြောင့် စစ်ဘက်နဲ့ အုပ်ချုပ်ရေးဘက်က အရာရှိအချို့ ကိုးကွယ်ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဦးပညာဝံသ (ခ) ဒေါက်တာဖေဉာဏ်ဟာ အရင်က တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦး ဖြစ်ခဲ့ပြီး၊ ဗေဒင်နဲ့ ယတြာပြုလုပ်ပေးရာမှာ နာမည်ကြီးတာကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ လက်စွဲတော် ဆရာတစ်ဦး ဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
