အာဏာရှင်တို့ရဲ့ အခါပေး စန္ဒကူးမြိုင်ဆရာတော်ကို သတ်ဖြတ်လုယက်ခဲ့သူ ၄ ဦးကို ဖမ်းမိပြီလို့ဆို
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အဓိကကိုးကွယ်ခဲ့တဲ့ စန္ဒကူးမြိုင်ဆရာတော်ကို ရက်စက်စွာ သတ်ဖြတ်လုယက်ခဲ့ကြသူ ၅ ဦးအနက် ၄ ဦးကို စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပြီလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဘုန်းတော်ကြီးကျောင်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်က ပန်းရံအလုပ်သမား လူစာရင်းနောက်ကြောင်းတွေကို လိုက်လံစုံစမ်းရာကနေတစ်ဆင့် ရန်ကုန်တိုင်းအတွင်းက အမျိုးသား ၂ ဦးနဲ့ ဧရာဝတီတိုင်းအတွင်းက အမျိုးသား ၂ ဦးတို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကျောင်းဆောက်လုပ်စဉ်တုန်းက လုပ်ကိုင်ခဲ့ကြတဲ့ ပန်းရံနဲ့ သံပန်းအလုပ်သမားတွေရဲ့ နောက်ကြောင်းရာဇဝင်တွေကို လိုက်လံစုံစမ်းရင်း ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ ၁ ယောက်ကတော့ လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲပါ။ ဆရာတော်ကို သတ်ဖြတ်ပြီး ကျောင်းတွင်းက ပိုက်ဆံတွေ လုယက်သွားကြတဲ့သူတွေဟာ အရင်တုန်းက ဒီဘုန်းကြီးကျောင်းမှာ ပန်းရံအလုပ် လာရောက်လုပ်ကိုင်သွားခဲ့ကြဖူးတဲ့သူတွေ ဖြစ်ပါတယ်” လို့ သူက ပြောပြပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့နေ့က ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူ ၅ ဦးဟာ စန္ဒကူးမြိုင်သာသနာရိပ်သာကျောင်းဝင်းအတွင်းကို သံတိုသံစတွေ ဝင်ရောက်ခိုးယူဖို့ ကြံစည်ခဲ့ကြတာ ဖြစ်လို့ ဆိုပါတယ်။ အဲဒီလိုမျိုး ဝင်ရောက်ခိုးယူစဉ် ဆရာတော်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာကြောင့် ဆရာတော်ကို ရက်စက်စွာ သတ်ဖြတ်ပြီး ကျောင်းအတွင်းရှိ ငွေကြေးတွေကိုပါ လုယက်ယူဆောင်သွားခဲ့ကြတာ ဖြစ်တယ်လို့ သူက ဆက်လက်ရှင်းပြပါတယ်။
စစ်အုပ်စုဘက်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုးကွယ်ခဲ့တဲ့ ဆရာတော် ဦးပညာဝံသကို သတ်ဖြတ်ခဲ့သူတွေ ဖမ်းဆီးရမိခြင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း လုံးဝမရှိသေးပါဘူး။
အဆိုပါ လူသတ်လုယက်မှု ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန်တုန်းက မှော်ဘီမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အတွင်းရှိ စန္ဒကူးမြိုင်သာသနာ့ရိပ်သာကျောင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၇၀ ဝန်းကျင်အရွယ်ရှိ ဆရာတော် ဦးပညာဝံသဟာ ကျောင်းဝင်းအတွင်းမှာတင် ခန္ဓာကိုယ်အနှံ့ ဓားနဲ့ ၉ ချက်အထိ ထိုးသွင်းခံရပြီး ပျံလွန်တော်မူခဲ့ရတာ ဖြစ်ပါတယ်။
ပျံလွန်တော်မူသွားခဲ့တဲ့ ဆရာတော် ဦးပညာဝံသဟာ ယခင်က စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဗေဒင်နဲ့ ယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင် လုပ်ငန်းတွေကို လုပ်ဆောင်ပေးခဲ့ဖူးတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်ဟောင်း ဒေါက်တာဖေဉာဏ် ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ ဘုန်းကြီးဝတ်ခဲ့တာဖြစ်ပြီး၊ အဆိုပါ မှော်ဘီမြို့နယ်၊ စန္ဒကူးမြိုင်ရိပ်သာ ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံး နေထိုင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
ဓာတ်ပုံ – စန္ဒကူးမြိုင်
