ရခိုင်မှာ ရေကြီးမှုဖြစ်ပြီးနောက် Kpay ငွေထုတ်ခ ဈေးနှုန်း မြင့်တက်လာ

Author CJ Platform
Categories
Published on Jul 14, 2026

ရခိုင်ပြည်အတွင်းမှာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း မြေပြင်မှာ ငွေသားပြတ်လပ်မှု ဘေးအန္တရာယ်တွေနဲ့ ဆိုးရွားစွာ ကြုံတွေ့နေရပြီး အွန်လိုင်းငွေထုတ်ခ ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာနေတယ်လို့ ငွေလွှဲငွေထုတ် လုပ်ကိုင်သူတွေနဲ့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။

 

ရခိုင်ပြည်အတွင်းရှိ မြေပုံမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်နဲ့ သံတွဲမြို့နယ် စတဲ့ မြို့နယ်အတော်များများမှာ ငွေသားတစ်သိန်းကို အွန်လိုင်းငွေထုတ်ခ ဝန်ဆောင်ခနှုန်းထားအနေနဲ့ ကျပ် ၅,၀၀၀ ကနေ ၈,၀၀၀ အထိ ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာ ဖြစ်ပါတယ်။

 

“မိုးတွေအဆက်မပြတ်ရွာ၊ ရေတွေအကြီးအကျယ်ကြီးပြီး သွားလာလှုပ်ရှားရတာ တစ်ရက်နှစ်ရက်လောက် ပြတ်တောက် ခက်ခဲသွားတော့ မြေပြင်မှာ ငွေသားပြတ်လပ်သွားတဲ့ အခြေအနေ ဖြစ်သွားတာပါ။ အဲဒီလိုမျိုး ငွေသားပြတ်လပ်သွားတော့ တချို့ ငွေလွှဲငွေထုတ်လုပ်သူတွေဆိုရင် လုပ်ငန်းမလည်ပတ်နိုင်တော့ဘဲ ယာယီရပ်နားထားကြရတယ်” လို့ မြောက်ဦးမြို့မှ ငွေလွှဲငွေထုတ်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

 

လက်ရှိမြေပြင် အခြေအနေအရ မြေပုံမြို့၊ သံတွဲမြို့နဲ့ ဂွမြို့တို့မှာ ငွေကျပ်တစ်သိန်းကို ထုတ်ခ ကျပ် ၈,၀၀၀ အထိ အမြင့်ဆုံး မြင့်တက်နေပြီး၊ မင်းပြားမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ ကျပ် ၆,၀၀၀ ဝန်းကျင်၊ ကျောက်တော်မြို့နယ်မှာတော့ ငွေတစ်သိန်းကို ထုတ်ခ ဈေးနှုန်း ကျပ် ၅,၅၀၀ အထိ ရှိနေတာ ဖြစ်ပါတယ်။ ယခုလိုမျိုး ငွေသားပြတ်လပ် ရှားပါးလွန်းတာကြောင့် ဒေသတွင်းက ငွေလွှဲငွေထုတ်လုပ်ငန်း လုပ်ကိုင်သူအချို့မှာ အလုပ်တွေ ယာယီရပ်နားထားရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာပါ။

 

အခုလို ငွေထုတ်ခ ဝန်ဆောင်ခနှုန်းထားတွေ အဆမတန် မြင့်တက်လာခြင်းကြောင့် ပြည်မဒေသတွေနဲ့ ပြည်ပနိုင်ငံတွေဆီ ရောက်ရှိနေကြတဲ့ မိသားစုဝင်တွေရဲ့ ထောက်ပံ့မှုကိုသာ အဓိကအားကိုး အမှီပြုနေကြရတဲ့ ဒေသခံ အခြေခံလူတန်းစား ပြည်သူတွေမှာ များစွာ နစ်နာဆုံးရှုံးနေရတယ်လို့ ဆိုကြပါတယ်။

 

“ထိုင်းနိုင်ငံမှာရှိတဲ့ သားသမီးတွေဆီကနေ အိမ်ကို ငွေ ၃ သိန်းလောက် လွှဲပေးရင်ကိုပဲ မြေပြင်မှာ ထုတ်ခတင် ကျပ် ၃ သောင်းနီးပါးလောက် ကုန်ကျသွားပြီ ဖြစ်ပါတယ်။ ကျန်တဲ့ လမ်းစရိတ်တွေနဲ့ပါ ဆိုရင်တော့ ငွေသား ၂ သိန်းကျော်ကျော်လောက်ပဲ လက်ထဲ တကယ်ရတော့တာပါ။ ဒါကြောင့်မို့လို့ အခြေခံလူတန်းစား ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ အတော်လေးကို ဒုက္ခရောက်ရပါတယ်” လို့ မင်းပြားမြို့ခံ အမျိုးသားတစ်ဦးက ရင်ဖွင့်ပြောဆိုပါတယ်။

 

ပြီးခဲ့တဲ့ လပိုင်းတုန်းက ရခိုင်ပြည်အတွင်းမှာ ငွေသားထုတ်ခနှုန်းထားတွေအနေနဲ့ ငွေတစ်သိန်းလျှင် ကျပ် ၃,၀၀၀ နဲ့ ၄,၀၀၀ ကြားမှာသာ ရှိခဲ့တာ ဖြစ်ပါတယ်။ 

 

အခုလိုမျိုး ငွေသားပြတ်လပ် ရှားပါးလာမှုကြောင့် ဒေသတွင်း ကုန်သွယ်ရေးလုပ်ငန်းတွေမှာလည်း များစွာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေရပြီး၊ ကုန်သည်အချို့မှာလည်း အရှုံးပေါ် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရေဘေးသင့်ဒေသတွေရဲ့ ပြန်လည်ထူထောင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေမှာလည်း ငွေသားထုတ်ရခက်ခဲမှုကြောင့် ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိနေကြောင်း ရေဘေးကူညီရေး လုပ်ဆောင်သူတွေက ထောက်ပြကြပါတယ်။

 

ရခိုင်ပြည်အတွင်းမှာ တကျော့ပြန် တိုက်ပွဲဖြစ်စဉ်တွေ စတင်ခဲ့တဲ့ အချိန်ကာလကတည်းကနေ ဒီနေ့လက်ရှိအချိန်ထိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ဘဏ်လုပ်ငန်းယန္တရားတွေ အားလုံး လုံးဝရပ်နားထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒေသခံပြည်သူတွေဟာ Kpay ၊ KBZ Banking နဲ့ WavePay စတဲ့ အွန်လိုင်းမိုဘိုင်း ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကိုသာ အဓိက အားပြုအသုံးပြုနေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ