ခင်ဦးမြို့နယ်မှာ စစ်အုပ်စုဗုံးကြဲလို့ ကျန်းမာရေးဆရာမတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရပြီး နေအိမ်ပျက်စီးမှုတွေလည်းရှိနေ

Author CJ Platform
Categories
Published on Jul 14, 2026

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်အုပ်စုက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းအချိန်တုန်းက လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျန်းမာရေးဆရာမတစ်ဦးနဲ့ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို၊ ပြည်သူတွေရဲ့ နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်း ကြီးမားစွာ ဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။

 

ခင်ဦးမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ငါးတင်းကြီးကျေးရွာကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၂၀ ဝန်းကျင်ခန့်ကစတင်ပြီး စစ်အုပ်စုက တံတားဦးလေတပ်စခန်းကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် (Jet Fighter) နှစ်စင်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပေါင်း လေးကြိမ်ဝန်းကျင်ခန့်အထိ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

“ဆေးခန်းသုံး ဆေးဝါးပစ္စည်းတွေ သိုလှောင်ထားတဲ့ နေအိမ်ကိုလည်း လေကြောင်းကနေ တိုက်ရိုက်ပစ်ခတ်ချသွားတာ ဖြစ်ပါတယ်။ မြို့နယ် (MOH) ကျန်းမာရေးဆေးခန်းပေါ့ဗျာ။ ကျန်းမာရေးဝန်ကြီးဌာန ဆေးခန်းဆိုသော်လည်း မြေပြင်က တော်လှန်ရေးရဲဘော်တွေကိုပါ ဝိုင်းဝန်းဆေးကုသပေးနေတဲ့ နေရာတစ်ခုပါ။ အဲဒီ ဗုံးကြဲမှုကြောင့် ကျန်းမာရေးဆရာမတစ်ဦးရယ်၊ ပြည်သူတစ်ဦးရယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ လက်ရှိမှာတော့ စိုးရိမ်ရတဲ့ အခြေအနေမျိုး မရှိပါဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ စစ်အုပ်စုဟာ မြေပြင်မှာတစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း လုံးဝမရှိဘဲနဲ့ အပြစ်မဲ့ဒေသခံပြည်သူတွေ အေးချမ်းစွာ နေထိုင်ကြတဲ့ ကျေးရွာအတွင်းထဲဆီသို့ လေကြောင်းကနေ ရမ်းသန်းဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ဗုံးကြဲမှုကြောင့် ကျန်းမာရေးဆေးဝါးပစ္စည်းတွေ ထားရှိရာ အဆောက်အအုံ၊ ကား၊ မော်တော်ဆိုင်ကယ် စတဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်အချို့ပါ ပြာကျပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 

“ဆေးပစ္စည်းတွေ သိုလှောင်ထားတဲ့ အိမ်နေရာကို တည့်တည့်ချသွားတာ ဖြစ်ပါတယ်။ အဆောက်အအုံတစ်ခုကတော့ လုံးဝကို သုံးမရတော့အောင် ပြိုကျပျက်စီးသွားခဲ့ရတာပါ။ အဲဒီထဲက တစ်လုံးကပဲ မှော်တိုက်ပုံစံမျိုး ဖြစ်သွားပါလိမ့်မယ်။ ဘေးနားက အရပ်သားနေအိမ်ကတော့ သုံးလေးလုံးဝန်းကျင်လောက် ထိခိုက်ပျက်စီးသွားတာ ရှိပါတယ်” လို့ အခင်းဖြစ်ပွားခဲ့ရာ မြေပြင်နေရာဆီသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ ဒေသခံပြည်သူတစ်ဦးက CJ Platform ကို ရှင်းပြပါတယ်။

 

စစ်အုပ်စုရဲ့ လူသားချင်းစာနာမှုကင်းမဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြေပြင်ထိခိုက်ပျက်စီး ဆုံးရှုံးသွားရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်အချက်အလက်တွေ ထပ်မံရရှိနိုင်ဖို့အတွက် ကွင်းဆင်းစုံစမ်းမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုဟာ မြေပြင်မှာ စစ်ရေးပစ်မှတ်နဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ပစ်မှတ်တွေကို တစ်စုံတစ်ရာ ခွဲခြားခြင်း လုံးဝမရှိဘဲနဲ့ ကမ်းကုန်အောင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မိဘပြည်သူတွေအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးအတွက် ကြိုတင်လုံခြုံရေး အစီအမံတွေကို မဖြစ်မနေ ပြုလုပ်ထားကြဖို့၊ နေအိမ်တွေမှာ ဗုံးခိုကျင်းတွေ စနစ်တကျ တူးထားကြဖို့နဲ့ လေကြောင်းရန် သတိပေးချက် သတင်းစကားပြောစက် တွေကို ကိုင်ဆောင်ပြီး အမြဲတမ်း သတင်းရယူနားစွင့်ကြဖို့ကိုလည်း ဒေသတွင်း တော်လှန်ရေး အင်အားစုတွေဘက်ကနေ အရေးပေါ် သတိပေးနှိုးဆော် ထားကြပါတယ်။

 

စစ်အုပ်စုရဲ့ လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဧပြီလကနေ ဇွန်လအထိ သုံးလတာ ကာလအတွင်းမှာတင် နိုင်ငံတစ်ဝန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၅၂၀ အထိ ပြုလုပ်ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ်တွေကြောင့် အပြစ်မဲ့အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် စုစုပေါင်း ပြည်သူ ၃၁၄ ဦးအထိ စိတ်မကောင်းဖွယ်ရာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာအင်တာနက် ပရောဂျက် (Myanmar Internet Project) ရဲ့ ထုတ်ပြန်ချက်မှတ်တမ်းတွေအရ သိရပါတယ်။

 

ဓာတ်ပုံ -ပေးပို့