ခင်ဦးမြို့နယ်မှာ စစ်အုပ်စုက ဂျက်ဖိုက်တာ၊ Suicide ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံး

Author CJ Platform
Categories
Published on May 22, 2026

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး နေအိမ် ၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မေလ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

မနေ့ မေ ၂၁ ရက် ည ၉ နာရီခန့်မှာ ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာအတွင်းကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စင်းနဲ့ ရွှေဘိုအခြေစိုက် အမှတ် (၈) စစ်ဆင်ရေးလေ့ကျင့်ရေးကျောင်းမှ လွှတ်တင်လိုက်တဲ့ Suicide ဒရုန်း ၂ စင်းတို့က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၅ နှစ်နဲ့ ၂၀ အရွယ် အမျိုးသား ၂ ဦး၊ အသက် ၆၂ နှစ်နဲ့ ၂၇ နှစ်အရွယ် အမျိုးသမီး ၂ ဦး စုစုပေါင်း အရပ်သား ၄ ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

 

ဒါ့အပြင် အရပ်သားနေအိမ် ၂၀ ကျော်ခန့်မှာလည်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။

 

ရွာစဉ်ကျေးရွာဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်ကလည်း ရွှေဘို အမှတ် (၈) လေ့ကျင့်ရေးကျောင်းက လွှတ်တင်တဲ့ Suicide ဒရုန်း ၂ စီးဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း ခံခဲ့ရပြီး အရပ်သားနေအိမ်ဆိုင်ခန်းတွေ ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။

 

စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ်တွေကို ခွဲခြားခြင်းမရှိဘဲ အခုလို ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေ၊ စစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လုံခြုံရေးအသိ၊ သတိ အမြဲရှိဖို့ကိုလည်း မြို့နယ် ပအဖက အသိပေးနှိုးဆော်ထားပါတယ်။

 

ဒါကြောင့် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ ကြိုတင်တူးထားဖို့၊ လေကြောင်းသတိပေးစကားပြောစက် (Icom စက်) တွေကို ဖွင့်ထားပြီး လေကြောင်းသတင်းတွေကို စဉ်ဆက်မပြတ် နားထောင်ကြဖို့နဲ့ စစ်အုပ်စုရဲ့ လေယာဉ် တက်လာပါက ဗုံးခိုကျင်းများအတွင်းကို ကြိုတင်တိမ်းရှောင်ကာ သတိကြီးစွာ နေထိုင်ကြဖို့ကိုလည်း အသိပေးထားပါတယ်။

 

ဓာတ်ပုံ – ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့