ရန်ကုန်မှာ ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို စားအုန်းဆီ ခွဲတမ်းမပေးတော့ဘူးလို့ စစ်အုပ်စု ကန့်သတ် လက်လုပ်လက်စား အလုပ်သမားတွေ ဆီဒုက္ခကြုံရပြန်
ပြည်တွင်း စားအုန်းဆီ ပြင်ပပေါက်ဈေးဟာ တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ကြားအထိ စံချိန်တင် မြင့်တက်နေချိန်မှာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့၌ ဧည့်စာရင်းနဲ့ နေထိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သား ပြည်သူတွေကို စားအုန်းဆီခွဲတမ်း လုံးဝထုတ်မပေးတော့ဘူးလို့ မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။
ယခင်က ဧည့်စာရင်းနဲ့ နေထိုင်သူတွေဟာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ အခြေခံဆီစာအုပ် ပြုလုပ်ရပြီး စားအုန်းဆီ ၅၀ သားကို ၁၅ ရက်လျှင် တစ်ကြိမ် (တစ်လကို နှစ်ကြိမ်နှုန်း) ဖြင့် သတ်မှတ်ထားတဲ့ ဆီကိုယ်စားလှယ်ဆိုင်တွေမှာ တန်းစီထုတ်ယူရတာ ဖြစ်တယ်လို့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဧည့်စာရင်းနဲ့ နေတဲ့သူက ကိုယ်ငှားရမ်းနေထိုင်တဲ့ လိုင်းခန်းက အဆောင်မှူးကို ခေါ်ယူသက်သေပြုပြီး ရပ်ကွက်ရုံးမှာ ဆီစာအုပ် သွားလုပ်ရတာ ဖြစ်ပါတယ်။ ဆီစာအုပ်ရပြီဆိုရင်တော့ ရပ်ကွက်ထဲက သတ်မှတ်ဆီဆိုင်တွေမှာ ၅၀ သား သွားရောက်ထုတ်ယူလို့ ရတာပါ။ တစ်လကို စားအုန်းဆီ ၁ ပိဿာ ပေးတဲ့လလည်း ရှိသလို၊ ၂ ပိဿာအထိ ပေးတဲ့လမျိုးလည်း ရှိခဲ့ပါတယ်။ အခုတော့ ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို လုံးဝမပေးတော့ဘူးလို့ စနစ်ပြောင်းလိုက်ပြီ ဆိုတော့ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေဟာ ပြင်ပဆိုင်တွေကနေပဲ ဈေးကြီးပေးပြီး ဝယ်ယူစားသောက်ရတော့မှာပါ” လို့ သူက ပြောပြပါတယ်။
လက်ရှိ ပြင်ပပေါက်ဈေးမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေချိန်မှာ အခြေခံဆီစာအုပ်နဲ့ ဝယ်ယူခွင့်ရပါက တစ်ပိဿာကို ကျပ် ၈,၀၀၀ ဝန်းကျင်သာ ပေးရတာကြောင့် ကုန်ကျစရိတ် ထက်ဝက်ကျော်ခန့် သက်သာကြောင်း မြောက်ဥက္ကလာပမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆီစာအုပ်နဲ့သာ ဝယ်ယူခွင့်ရရင် စားအုန်းဆီ ၅၀ သားကို ကျပ် ၄,၀၀၀ ပဲ ပေးရတာ ဖြစ်ပါတယ်။ အဲဒီတော့ ဆီဖိုးကနေ အပိုထွက်လာမယ့် ပိုက်ဆံကို အခြားဟင်းချက်စရာ နေရာတွေအတွက် ခွဲဝေသုံးစွဲလို့ ရတာပေါ့။ အရင်ကဆိုရင် တစ်ပတ်ကို တစ်ကြိမ် ၅၀ သားစီ ရနေခဲ့လို့ အဆင်ပြေခဲ့ပါသေးတယ်။ အခုတော့ အိမ်ထောင်စု သန်းခေါင်စာရင်း အပိုင်ရှိတဲ့သူတွေကိုပဲ ဦးစားပေးမယ်ဆိုပြီး စစ်အုပ်စုက စနစ်အသစ် ပြောင်းလဲလိုက်တဲ့အတွက် ဧည့်စာရင်းနဲ့ နေထိုင်ရတဲ့ ရွှေ့ပြောင်းပြည်သူတွေအကုန် ဒုက္ခပင်လယ်ဝေကုန်ကြရရော” လို့ သူက ရှင်းပြပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ယခုလိုမျိုး ရောင်းချမှုပုံစံကို တင်းကျပ်စွာ ကန့်သတ်လိုက်တာကြောင့် မြေပြင်မှာ ဝယ်လိုအားက အဆမတန် မြင့်တက်သွားသော်လည်း ရောင်းလိုအား မရှိတော့တဲ့အတွက် စားအုန်းဆီ ပြင်ပပေါက်ဈေးဟာ ကျပ် ၂၀၀၀၀ အထိ ဖြစ်လာတာ ဖြစ်တယ်လို့ တစ်ပိုင်တစ်နိုင် ဆီပြန်လည်ရောင်းချသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရပ်ကွက်တွေကို ဖြန့်ဝေပေးတဲ့ စားအုန်းဆီခွဲတမ်းကို စစ်အုပ်စုဘက်က အလွန်အမင်း လျှော့ချပစ်လိုက်တာ ဖြစ်ပါတယ်။ အရင်က ရပ်ကွက်တစ်ခုကို လူ ၁၀၀ စာအတွက် ခွဲတမ်းပေးတယ်ဆိုရင် အခုအချိန်မှာ လူ ၄၀ စာဝန်းကျင်လောက်ပဲ ပေးပါတော့တယ်။ ဒါတောင်မှ အိမ်ထောင်စု သန်းခေါင်စာရင်းနဲ့ တိတိကျကျ နေထိုင်တဲ့သူမှသာ ၁၅ ရက်ကို တစ်ကြိမ် ၅၀ သား ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဝယ်လိုအားက အလွန်မြင့်မားပြီး ရောင်းလိုအား မရှိတဲ့အခါ မြေပြင်မှာ ဆီဈေးက တရိပ်ရိပ် ကြီးလာရတာပါ။ ဒါတင်မကသေးပါဘူး၊ ထုတ်ပေးလိုက်တဲ့ ၅၀ သားကို ပြန်လည်ရောင်းချတာ တွေ့ရင် အရေးယူမယ်ဆိုပြီး စာထုတ်တာတွေပါ လုပ်နေကြပါတယ်” လို့ သူက ဆက်ပြောပါတယ်။
၁၅ ရက်လျှင် တစ်ကြိမ် ထုတ်ပေးနေတဲ့ စားအုန်းဆီ ၅၀ သားကို မိမိကိုယ်တိုင် အသုံးမပြုဘဲ ဈေးကွက်အတွင်းသို့ တစ်ဆင့်ပြန်လည်ရောင်းချတာ ကျူးလွန်ရင် ထိရောက်စွာ အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့တုန်းက စစ်အုပ်စုရဲ့ စားသုံးသူရေးရာဦးစီးဌာနကနေ သတိပေးချက် ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရန်ကုန်မြို့ပေါ်မှာ စားအုန်းဆီ တစ်ပိဿာ ပြင်ပပေါက်ဈေး ကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ ပြည်သူတွေ မြင့်မားစွာ ပေးဝယ်နေရတာ မှန်ကန်ကြောင်း ဝန်ခံပြောဆိုခဲ့ပြီး၊ ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်ရေးနဲ့ စားအုန်းဆီ လိုအပ်ချက် ပြည့်မီစေရေးအတွက် ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
ရန်ကုန်အထိုင် ရည်ညွှန်းဈေးအဖြစ် စားအုန်းဆီတစ်ပိဿာကို ကျပ် ၇,၂၃၀ နှုန်းနဲ့သာ တရားဝင်ရောင်းချဖို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားပေမဲ့လည်း၊ မြေပြင်ပြင်ပပေါက်ဈေးမှာတော့ တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ နဲ့ ၂၀,၀၀၀ ကြားအထိ ကွာဟချက် ကြီးမားစွာ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဘက်ကတော့ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ပြီး မတရားရောင်းချတာတွေ၊ ဈေးကစားရန် ရည်ရွယ်ချက်နဲ့ မသမာသိုလှောင်ထားတာတွေကို တွေ့ရှိပါက ဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ဖော်ပြထားကြောင်း သိရပါတယ်။
ဓာတ်ပုံ – MEODA
