LPDF ရဲ့ ဖမ်းဆီးခံရသူ စစ်ဘေးရှောင်တစ်ဦး သေဆုံးခဲ့ပြီးနောက် ခွင့်ပြုချက်မရှိဘဲ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးမှုအပေါ် တရားမျှတမှုပေးရန် တန့်ဆည်စစ်ရှောင်မိသားစု တောင်းဆို
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတစ်ဦးကို ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်ခိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီးနောက် သေဆုံးသွားမှုအပေါ် မိသားစုကို အသိပေးခြင်းမရှိဘဲ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးမှုတွေ လုပ်ခဲ့မှုကို တရားမျှတမှုရရှိစေဖို့ ကျန်ရစ်သူမိသားစုတွေ တောင်းဆိုနေကြပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က တန့်ဆည်မြို့နယ်၊ ခပေါင်းကြိုင်ကျေးရွာမှာ ဒေသအခေါ် ကိုမော်ကြီး LOCAL PDF အဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၅ ဦး ကင်းစောင့်ရာမှ သေနတ်ပျောက်ဆုံးမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ လက်နက်ပျောက်ဆုံးမှုနဲ့ ဆက်စပ်ပြီး ကင်းစောင့်သူတွေကို စတင်ဖမ်းဆီးခဲ့ပြီးနောက် ဧပြီ ၂၆ ရက်မှာ ကင်းစောင့်သူတွေထဲက ရဲဘော်ဒိုမန်ရဲ့ ယောက္ခမဖြစ်သူ ရွှေကတော်ရွာမှ စစ်ဘေးရှောင်လာတဲ့ ဦးမွတ်တား (ခ) ဦးမော်တားနဲ့ မိသားစုဝင်တွေကိုပါ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေး (ပ.အ.ဖ) တာဝန်ခံ ဦးဝင်းကျော်နဲ့ ကိုမော်ကြီး LOCAL PDF အဖွဲ့က ဖမ်းဆီးခဲ့ရာမှ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
“သေနတ်ပျောက်တာကိုလည်း ဘယ်သူ့သေနတ်ပျောက်တာတုန်း၊ မင်းသေနတ်ပျောက်တာတုန်းလို့ မေးတော့ ‘ကျွန်တော့်သေနတ်ပျောက်တာမဟုတ်ဘူး၊ သူရအောင် (အခြားရဲဘော်) သေနတ်ပျောက်တာ’ လို့ ပြောတယ်” လို့ သေနတ်ပျောက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တဲ့နေ့ရက်က သားမက်ဖြစ်သူကို မေးခဲ့တဲ့အကြောင်းကို ဦးမွတ်တားရဲ့ ဇနီးဖြစ်သူက CJ Platform ကို ပြန်ပြောပြခဲ့ပါတယ်။
မိသားစုဝင်အားလုံးကို ဖမ်းဆီးပြီးနောက် ဧပြီ ၂၇ ရက်မှာ မိသားစုဝင်တွေကို စောင့်ကြည့်ထိန်းသိမ်းထားတဲ့ အခြေအနေမှာရှိနေစဉ် ညနေပိုင်းမှာ “စစ်ဆေးစရာရှိတယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးမော်တားကို တောထဲသို့ ထိန်းသိမ်းထားရာနေရာမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ ဧပြီ ၂၉ ရက်မှာတော့ ဦးမော်တား သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုထံ အကြောင်းကြားလာပြီး ည ၉ နာရီအချိန်မှာ အပုပ်နံ့ထွက်နေပြီဖြစ်တဲ့ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ ဒီအကြောင်းအရာကို သိသူ ၃ ဦးဆီကနေ CJ Platform က မေးမြန်းသိရှိခဲ့ပါတယ်။
“ကြီးကြီးမားမား ကျန်းမာရေးအခြေအနေဆိုးတာ မရှိဘူး။ စွပ်စွဲဖမ်းဆီးတော့ စိတ်ထိပြီး သွေးတိုးတာတွေနဲ့ ဗိုက်နာတာမျိုးပဲ ရှိခဲ့တာ။ ဒါလည်း ရွာက ဆေးဆရာနဲ့ ပြပြီး ဆေးသောက်တော့ သက်သာနေပြီ။ အခုသေတာက နေမကောင်းလို့ ဆလိုင်းချိတ်ရင်း သေတာလို့ အကြောင်းကြားလာတာ ဘယ်လိုမှမဖြစ်နိုင်ဘူး” လို့ သေဆုံးသူရဲ့ ဇနီးက CJ Platform ကို ပြောပါတယ်။
အကြောင်းမဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီး သေဆုံးခဲ့ရတဲ့အပြင် သေဆုံးရတဲ့အကြောင်းရင်းကို ရှာဖွေဖို့လို့ဆိုကာ တန့်ဆည်မြို့နယ်၊ မြောက်ရွာရှည်ဆေးရုံမှာ မိသားစုဝင်တွေရဲ့ ခွင့်ပြုချက်မတောင်းသလို ကြိုတင်အသိပေးခြင်းမရှိဘဲ ရင်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“အမှန်တကယ် ဆေးရုံလုပ်ထုံးလုပ်နည်းဆိုလို့ရှိရင် ဒီလိုမျိုးလူနာ ကာယကံရှင်က ကျေနပ်မှ ခွဲစိတ်စစ်ဆေးလို့ရတာ။ ကာယကံရှင်မပါဘဲ၊ ကာယကံရှင်လက်မှတ်မပါဘဲ အခုလို ခွဲစိတ်စစ်ဆေးလို့မရဘူး။ အဲဒါတစ်ခုရှိတယ်။ ပြီးရင် ချုပ်ရိုးချုပ်သားတွေက သပ်သပ်ရပ်ရပ်ရှိရမှာ၊ အခုဟာတွေက ချုပ်ထားတာ ဖြစ်သလိုပုံစံမျိုးကြီး ချုပ်ထားတာ” လို့ ဒီအကြောင်းအရာကို သိထားတဲ့ ကျန်းမာရေးဆရာမတစ်ဦးက ရုပ်အလောင်း ခွဲစိတ်မှုနဲ့ပတ်သက်ပြီး သုံးသပ်ပြောဆိုပါတယ်။
ဒီလို လုပ်ထုံးလုပ်နည်းနဲ့ ဆန့်ကျင်ကာ ရင်ခွဲစစ်ဆေးခြင်းကို မိသားစုက မေးမြန်းရာမှာ မြောက်ရွာရှည်ဆေးရုံဘက်က မြို့နယ် ပ.လ.ဖ တာဝန်ခံ ဦးတင့်နိုင်ထွန်းနဲ့ မြို့နယ်တရားရုံးတို့ရဲ့ ထောက်ခံစာနဲ့ စစ်ဆေးတာဖြစ်တယ်လို့ ဆေးရုံဘက်က တုံ့ပြန်ခဲ့ကြောင်း မိသားစုဝင်တွေဆီကတဆင့် CJ Platform က သိရှိခဲ့ရပါတယ်။
ဒီအကြောင်းအရာတွေနဲ့ သေဆုံးခဲ့ရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တန့်ဆည်မြို့နယ်တာဝန်ရှိသူတွေကိုတော့ CJ Platform က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
မိသားစုနဲ့ နီးစပ်သူတစ်ဦးက သေဆုံးသူရဲ့ အခြေအနေနဲ့ပတ်သက်ပြီး “ရုပ်အလောင်းက ကြည့်လိုက်ရင်လည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ အနံ့တွေလည်း အဲဒီနေ့က ခံကိုမခံနိုင်ဘူး။ အနံ့တွေလည်း တော်တော်လေးထွက်နေတယ်။ အရင်နေ့ကတည်းက သေထားတဲ့အနေအထား ရှိနေတာ။ ခေါ်သွားတဲ့နေ့က ဖြစ်တဲ့ပုံစံပဲ နောက်နေ့ရောက်တော့ အသားတွေကကြေပြီး အနံ့တွေ တအားလှိုင်နေတာ” လို့ CJ Platform ကို ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ခပေါင်းကြိုင်ရွာ ပ.အ.ဖ ဥက္ကဋ္ဌ ဦးဝင်းကျော်ကို မိသားစုက မေးမြန်းရာမှာ “မိမိအနေနဲ့ သိရှိခြင်းမရှိဘူး” လို့ ငြင်းဆိုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် တော်လှန်ရေးကာလအတွင်း စစ်ဘေးရှောင်တွေအပေါ် စွပ်စွဲဖမ်းဆီးပြီး အသက်သေဆုံးခဲ့သလို မိသားစုကို အကြောင်းကြားခြင်းမရှိခဲ့တဲ့ ဖြစ်စဉ်အပေါ် ကိုမော်ကြီး LOCAL PDF အဖွဲ့နဲ့ ပ.အ.ဖ တာဝန်ခံ ဦးဝင်းကျော်တို့ရဲ့ လုပ်ရပ်တွေကို သက်ဆိုင်ရာ တော်လှန်ရေးအစိုးရနဲ့ တာဝန်ရှိသူတွေအနေနဲ့ တရားသဖြင့် အမြန်ဆုံး စစ်ဆေးဖော်ထုတ် အရေးယူပေးစေရေးအတွက် မိသားစုတွေက တောင်းဆိုထားကြပါတယ်။
ဓာတ်ပုံ – ပေးပို့
