မြောက်ဥက္ကလာမှာ တို့ဆေးအသုံးပြုပြီး လုယက်မှုတွေ များလာ

Author CJ Platform
Categories
Published on May 26, 2026

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ ရွှေပေါက်ကံမြို့မှာ ကုမ္ပဏီကားတွေကို ပစ်မှတ်ထားကာ တို့ဆေးအသုံးပြုပြီး လုယက်သူတွေ များလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မေလ ၂၅ ရက် မနက် ၁၁ နာရီက ရွှေပေါက်ကံမြို့သစ်၊ အမှတ် (၁၅) ရပ်ကွက်၊ စစ်ကိုင်းလမ်းမှာ “နန်းထက်” စားသောက်ဆိုင်ကို စစ်မြင်းအရက်ဖာတွေ လာပို့တဲ့ ကုမ္ပဏီကားကို ဆိုင်ကယ်စီးလာတဲ့ အမည်မသိလူ ၂ ဦးက တို့ဆေးအသုံးပြုကာ ငွေကျပ် ၂၄ သိန်း လုယက်သွားတာလို့ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“နန်းထက်အရက်ဆိုင်ကို စစ်မြင်းလာချတဲ့ ကုမ္ပဏီကားကို ဆိုင်ကယ်နဲ့ အနောက်ကလိုက်လာတဲ့ လူ ၂ ယောက်က ‘ညီလေး မင်းတို့ပိုက်ဆံအိတ် ကျန်ခဲ့တယ်’၊ ကုမ္ပဏီဝန်ထမ်းတွေက မကျန်ခဲ့ဘူးဆိုတော့ ‘မယုံရင် ဒီမှာကြည့်’ ဆိုပြီး လက်ကို တို့ဆေးနဲ့တို့ပြီး ကားထဲက အရက်ဖိုးရှင်းထားတဲ့ငွေ ၂၄ သိန်း ယူသွားတယ်” လို့ ပြောပါတယ်။

 

အဲဒီ လုယက်မှုဖြစ်ပြီးနောက် ရွှေပေါက်ကံနယ်မြေရဲစခန်းက အခင်းဖြစ်ပွားရာ စစ်ကိုင်းလမ်းမှာ တို့ဆေးအသုံးပြုပြီး လုယက်သူ ၂ ဦးကို ရှာဖွေပေမယ့် မတွေ့တာကြောင့် ရွှေပေါက်ကံနယ်မြေရဲစခန်းမှာပဲ အမှုဖွင့်ထားတယ်လို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။

 

မြောက်ဒဂုံမြို့နယ်နဲ့ ရွှေပေါက်ကံမြို့ကို ဆက်သွယ်ထားတဲ့ တံတားအဆင်း ညောင်ရမ်းလမ်းမှာ မေလ ၂၃ ရက် ညနေ ၅ နာရီက သောက်ရေသန့်ဘူးတွေ တင်ဆောင်လာတဲ့ ကားကို ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသားတစ်ဦးက လိုက်ပါပြီး ယာဉ်ပေါ်လိုက်ပါလာသူတွေကို တို့ဆေးအသုံးပြုကာ ငွေ ၁၀ သိန်း လုယက်ခဲ့တယ်လို့ ညောင်ရမ်းလမ်းမှာနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကားပေါ်က ယာဉ်မောင်းကို ‘အစ်ကို ရေသန့်ဘူးဖိုးပိုက်ဆံ ကျန်ခဲ့လို့ လိုက်ပေးတာ’ ဆိုပြီး ယာဉ်မောင်းကို အထုပ်တစ်ထုပ် ပေးတယ်။ လှမ်းယူတဲ့အချိန် တို့ဆေးတို့ခံရပြီး ရေသန့်ဖိုးရှင်းလိုက်တဲ့ပိုက်ဆံ ၁၀ သိန်း ယူသွားတယ်။ ယာဉ်မောင်းဦးလေးကြီး သတိရမှ ငိုရော။ အဲဒီတုန်းက ဆိုင်ကယ်နဲ့ လူ ၃ ယောက်” လို့ ပြောပါတယ်။

 

အလားတူပင် မေလ ၂၁ ရက်က မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမကြီးပေါ်၊ ဧရာနဲ့ ဘုမ္မာလမ်းကြားမှာ အစားအစာ ရယ်ဒီမိတ်အထုပ်တွေ လိုက်ပို့တဲ့ ကုမ္ပဏီကားတစ်စီးကိုလည်း ဆိုင်ကယ်နဲ့ လူ ၂ ယောက် အနောက်က လိုက်လာပြီး ရောင်းချငွေ သိန်းဆယ်ချီ လုယက်ခဲ့တယ်လို့ အရောင်းဝန်ထမ်းတွေ သတိထားမိအောင် လူမှုကွန်ရက်မှာ တင်ထားပါတယ်။

 

စစ်အုပ်စု အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ လုယက်မှုတွေ မကြာခဏဖြစ်ခဲ့ပြီး ၂၀၂၆ ခုနှစ်မှာတော့ တို့ဆေးအသုံးပြုကာ အနုနည်းနဲ့ လုယက်တာက မြို့နယ်အများစုမှာ ဖြစ်လာတာပါ။