ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကနေ ရှောင်ကွင်းသွားတဲ့ ကားတွေကို ဖမ်းဆီးဖို့ နယ်လုံဝန်ကြီး အမိန့်ထုတ်
ငွေကြေး အဆမတန် ကောက်ခံနေတဲ့ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကနေ ကုန်တင်ကားတွေ ရှောင်ကွင်းသွားလာနေတာကြောင့် ရအောင်ဖမ်းဆီးဖို့ စစ်အုပ်စုရဲ့ နယ်လုံဝန်ကြီးက အမိန့်ထုတ်ပြန်ထားတယ်လို့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။
ပဲခူးတိုင်း၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေဟာ တရားမဝင်ကုန်စည် တိုက်ဖျက်ရေးကို အကြောင်းပြပြီး ကုန်ပစ္စည်းနဲ့ ယာဉ်တွေကို ဖမ်းဆီးကာ ငွေကျပ် သိန်းနဲ့ချီပြီး ပြန်လည်ရွေးခိုင်းနေတာကြောင့် ကုန်တင်ကားတွေက ရှောင်ကွင်းသွားလာကြတာ ဖြစ်တယ်လို့ ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“တကယ်ဖမ်းမလား၊ အကုန်လုံးကို ဖမ်း။ လက်ခံတယ်။ အခုဟာက ကွက်ကျားမိုးရွာသလိုမျိုး မရှိဆင်းရဲသား ကုန်ကားမောင်းတဲ့သူတွေပဲ လှိမ့်ပြီး ပြဿနာရှာနေတာ။ အဲဒီတော့ ယာဉ်မောင်းတွေလည်း ညောင်ခါးရှည်ဂိတ်ကို ကြောက်ပြီး ရှောင်ကွင်းမောင်းနှင်နေကြရတာပေါ့။ စစ်တပ်က ထုတ်ပြန်လိုက်သမျှ အမိန့်တွေက အောက်ခြေ ပြည်သူတွေပဲ ခံရတာ။ အခုလည်း ရှောင်ကွင်းသွားလာတဲ့ ကုန်ကားတွေကို ဖမ်းဖို့ နယ်လုံဝန်ကြီးက အမိန့်ထုတ်ထားတယ် ကြားတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ညောင်ခါးရှည်ဂိတ်ကို ရှောင်ကွင်းသွားလာနေတဲ့ ကုန်တင်ကားတွေကို ထိရောက်စွာ ဖမ်းဆီးဖို့ နယ်လုံဝန်ကြီးက ညွှန်ကြားအမိန့်ထုတ်ခဲ့တာ ဖြစ်တယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
“စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိသမျှ ကုန်ပစ္စည်းတွေကို အောက်ခြေစစ်တပ်ကပဲ ဖြတ်စားပြီး အထက်ကို အစီရင်ခံစာမတင်တော့၊ တိုင်းအစိုးရက ကုန်ကားတွေ လမ်းကြောင်းရှောင်ကုန်ကြတယ်လို့ပဲ ထင်နေတာ။ အမှန်က ရှောင်သွားတဲ့ ကုန်ကားက နည်းနည်းလေးပါ။ ဖမ်းမိတာတွေကို အထက်ကို မတင်ဘဲ အောက်ခြေမှာ တောင်းစားဖြတ်စားနေတာကြောင့် အခုလို ဖြစ်ရတာ” လို့ သူက ရှင်းပြပါတယ်။
ဒီလိုမျိုး ငွေကြေးအဆမတန် တောင်းခံနေတဲ့ ပြဿနာတွေကြောင့် ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ပဲခူးတိုင်းအတွင်းက လုပ်ငန်းရှင်တွေ စုစည်းပြီး ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို တိုင်ကြားခဲ့တာကြောင့် စစ်အုပ်စုတပ်တွင်း အပါအဝင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရဖူးတယ်လို့ သူက ဆက်ပြောပါတယ်။
ပဲခူးတိုင်းအတွင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ စစ်ဆေးရေးဂိတ်တွေထဲမှာ ယခုညောင်ခါးရှည်ဂိတ်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး၊ ကုန်တင်ကားတွေကို ဖမ်းဆီးကာ ငွေကြေးအဆမတန် တောင်းခံနေတာကြောင့် ယာဉ်မောင်းတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
