ရဲတပ်သားကို ပေါ်တာဆွဲပြီး ရောင်းစားတဲ့ စစ်သား ၃ ဦးကို ပုဒ်မ ၆ ခုနဲ့ အမှုဖွင့်၊ ဖမ်းခံရသူတွေက စစ်သားတွေမဟုတ်ဘူးလို့ စစ်အုပ်စုဘက်က ငြင်းဆို

Author CJ Platform
Categories
Published on Jun 24, 2026

မော်လမြိုင်မြို့မှာ ရဲတပ်သားတစ်ဦးကို ဖမ်းဆီးပြီး ကျားဖောင်လုပ်ငန်းဆီ ရောင်းစားခဲ့တဲ့ စစ်သား ၃ ဦးကို ပုဒ်မ ၆ ခုနဲ့ အမှုဖွင့်လှစ်လိုက်ပေမဲ့လည်း၊ ဖမ်းဆီးခံရသူတွေဟာ စစ်သားတွေ မဟုတ်ဘူးလို့ စစ်အုပ်စုဘက်က ငြင်းဆိုထားတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

 

ဇွန်လ ၂၃ ရက်နေ့က ကျိုက်ခမီမြို့မရဲစခန်းကနေ မော်လမြိုင်စုဆောင်းရေးတပ်က ဒုတပ်ကြပ် တင်သန်း၊ တင်မင်းထွဋ်နဲ့ ဖြိုးကိုကိုတို့ကို ကျိုက်ခမီမြို့မရဲစခန်းမှာ (ပ) ၃၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၂၊ ၃၄၂၊ ၁၇၀၊ ၁၁၄ တို့နဲ့ အမှုဖွင့်ထားသလို၊ (ပ) ၃၃/၂၀၂၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၃၆၊ ၄၄ တို့နဲ့ပါ အမှုဖွင့်လှစ်ထားတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မနေ့က ပေါ်တာဆွဲဖမ်းဆီးတဲ့ စစ်သား ၃ ယောက်ကို ပုဒ်မ ၆ ခုနဲ့ အမှုဖွင့်တော့ စုဆောင်းရေးတပ်က တပ်ရင်းမှူး ရောက်လာတယ်။ ဒုတပ်ကြပ် တင်သန်းက ‘အဘ’ လို့ လှမ်းခေါ်တာကို မသိချင်ယောင်ဆောင်ပြီး ‘ဒီကောင်တွေ စစ်သားတွေ မဟုတ်ဘူး၊ အယောင်ဆောင်တွေ၊ တပ်မတော်ကို သိက္ခာချနေတဲ့ကောင်တွေ၊ အခုကိစ္စက စစ်တပ်နဲ့မဆိုင်ဘူး၊ ခင်ဗျားတို့ဘက်က ကြိုက်တာလုပ်’ လို့ ပြောပြီး ပြန်သွားတယ်” လို့ သူက ပြောပြပါတယ်။

 

စစ်သား ၃ ဦးကို ဖွင့်လှစ်ထားတဲ့ ပုဒ်မတွေဟာ ဂိုဏ်းဖွဲ့ပြီး လူကုန်ကူးမှု၊ ပူးပေါင်းကြံစည်မှု၊ ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှု၊ မတရားချုပ်နှောင်ဖမ်းဆီးမှု၊ အားပေးကူညီမှုနဲ့ ရိုက်နှက်မှုစတဲ့ ပုဒ်မတွေဖြစ်ပြီး ထောင်ဒဏ်ရော ငွေဒဏ်ပါ ကျခံရနိုင်တယ်လို့ ရှေ့နေတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အမှုဖွင့်လှစ်ခံထားရတဲ့ ဒုတပ်ကြပ် တင်သန်း အပါအဝင် စစ်သား ၃ ဦးကို လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ မော်လမြိုင်တရားရုံးမှာ စတင်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က မွန်ပြည်နယ် လွှတ်တော်ဝင်းအတွင်းမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်သား ဇော်ဝင်းထွန်းကို မော်လမြိုင်မြို့၊ နဂါးမောက်ဘုရားအနီးမှာ မော်လမြိုင်စစ်သား စုဆောင်းရေးတပ်က ဒုတပ်ကြပ် တင်သန်း အပါအဝင် ၃ ဦးက ရိုက်နှက်ဖမ်းဆီးပြီး၊ ကျိုက်ခမီမြို့က ကျားဖောင်လုပ်ငန်းတစ်ခုဆီကို ရောင်းစားခဲ့တာ ဖြစ်ပါတယ်။

 

စစ်မှုထမ်းအမိန့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက ပေါ်တာဆွဲဖမ်းဆီးပြီး လူအစားထိုး ရောင်းစားတာမျိုးတွေ ရှိနေပေမဲ့လည်း စစ်အုပ်စုဘက်ကတော့ ဒီကနေ့ထက်ထိ ဝန်ခံပြောဆိုခြင်း မရှိသေးပါဘူး။

 

ပြည်သူတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်မှုထမ်းဥပဒေကို အာဏာရှင် စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ အဓမ္မပြဋ္ဌာန်းခဲ့ပြီး၊ မတ်လ ၂၈ ရက်နေ့မှာ စတင်ခေါ်ယူခဲ့ရာ လက်ရှိအချိန်မှာတော့ အပတ်စဉ် ၂၆ အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်