မော်လမြိုင်မှာ စစ်သားစုဆောင်းရေးအဖွဲ့က ရဲတပ်သားတစ်ဦးကို ဖမ်းဆီးပြီး ကျားဖောင်သို့ ရောင်းစား
မွန်ပြည်၊ မော်လမြိုင်မြို့တွင် ရဲတပ်သားတစ်ဦးကို ဖမ်းဆီးပြီး ကျားဖောင်လုပ်ငန်းသို့ ရောင်းစားလိုက်သည့် မော်လမြိုင် စစ်သားစုဆောင်းရေးတပ်က ဒုတပ်ကြပ် အပါအဝင် ၃ ဦးကို ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မွန်ပြည်နယ်လွှတ်တော်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်သား ဇော်ဝင်းထွန်းကို ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီက မော်လမြိုင်မြို့၊ နဂါးမောက်စေတီအနီးမှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရဲတပ်သားက ဘုရားနားမှာ ထိုင်နေတဲ့အချိန် စစ်သားတွေက စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်တော့ သူက ‘ကျွန်တော်က ရဲပါ’ လို့ ပြောတာကို ‘ဘာရဲလဲ၊ ငါ ဗိုလ်မှူး’ ဆိုပြီး ရိုက်နှက်ပြီး ခေါ်သွားတာ။ ပြီးတော့ ကျားဖောင်ကို သွားရောင်းစားထားတယ်။ အခု အဲဒီရဲတပ်သားလည်း ပြန်လွှတ်လာပြီ။ ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့ စုဆောင်းရေးတပ်က ၃ ယောက်လည်း ဖမ်းထားတယ်” လို့ သူက ပြောပါတယ်။
ဖမ်းဆီးသွားတဲ့ စစ်အုပ်စုဝင်တွေဟာ ရဲတပ်သား ဇော်ဝင်းထွန်းကို ကျိုက်ခမီမြို့ရှိ ကျားဖောင်လုပ်ငန်းသို့ ရောင်းစားပြီး၊ ငွေကျပ် ၁၂ သိန်း ကြိုတင်ငွေ ထုတ်ယူရာမှာ လုပ်ငန်းရှင်က မသင်္ကာလို့ ရဲစခန်းကို ဖုန်းဆက်တိုင်ကြားရာကနေ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“ရဲတပ်သားကို ပေါ်တာဆွဲသွားတဲ့သူတွေကို ဖမ်းမိတာ။ ဗိုလ်မှူးတော့ မဟုတ်ဘူး။ မော်လမြိုင် စုဆောင်းရေးတပ်က ဒုတပ်ကြပ် အပါအဝင် ၃ ယောက်။ ဆိုင်ကယ် နှစ်စီးနဲ့ တပ်က ထုတ်ပေးထားတဲ့ စစ်သားစုဆောင်းရေးကတ်တွေပါ သိမ်းဆည်းရမိတယ်” လို့ သူက ရှင်းပြပါတယ်။
လက်ရှိမှာ မော်လမြိုင် စစ်သားစုဆောင်းရေးတပ်က ဒုတပ်ကြပ် တင်သန်း၊ တင်မင်းထွဋ်နဲ့ ဖြိုးကိုကို တို့ကို မော်လမြိုင် အမှတ် (၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုက ဖမ်းဆီးစစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
