ပြည်ကြီးတံခွန်မှာ လူငယ်တစ်ဦးကို ဓားနဲ့ ဝိုင်းထိုးပြီး ဆိုင်ကယ်လုယက်သွား

Author CJ Platform
Categories
Published on Jun 24, 2026

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၄၇ လမ်းနဲ့ ၁၃၇ လမ်းကြားမှာ ဇွန်လ ၂၃ ရက်နေ့ ည ၉ နာရီဝန်းကျင်က လူငယ်တစ်ဦးကို လူတစ်စုက ဓားနဲ့ ဝိုင်းဝန်းထိုးနှက်ပြီး ဆိုင်ကယ်လုယူသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

မနေ့ည ၉ နာရီအချိန်က အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ လူငယ်တစ်ဦးကို ၄၇ လမ်းနဲ့ ၁၃၇ လမ်းကြားအရောက်မှာ လူတစ်စုက ဓားနဲ့ ဝိုင်းထိုးကာ ဆိုင်ကယ်လုယက်သွားတာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဓားဒဏ်ရာတွေနဲ့ လဲကျနေလို့ လမ်းသွားလမ်းလာတွေက လူမှုကူညီရေးအသင်းကို ဖုန်းဆက်ပြီး အကူအညီတောင်းကြတာ။ ဓားနဲ့ ထိုးထားတဲ့ ဒဏ်ရာတွေက အရမ်းများတယ်။ ပြန်သိရတာတော့ အဲဒီကောင်လေးကို လုယက်တဲ့သူတွေက ဓားနဲ့ ဝိုင်းထိုးပြီး ဆိုင်ကယ်လုသွားကြတာ” လို့ သူက ပြောပါတယ်။

 

ဓားနဲ့ ထိုးခံရတဲ့ လူငယ်ကို မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

 

မြို့ခံအများစုကတော့ အဲဒီ ဆိုင်ကယ်လုယက်မှုကို စစ်အုပ်စုရဲ့ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်တွေက လုပ်ဆောင်တာ ဖြစ်တယ်လို့ ထင်ကြေးပေးနေကြပြီး၊ ညပိုင်းအချိန်တွေမှာ မြို့ပေါ်၌ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့စစ်အဖွဲ့တွေ လှည့်ကင်းလှည့်လေ့ရှိတယ်လို့ ပြောဆိုကြပါတယ်။

 

“ပြည်ကြီးတံခွန်မှာ လုယက်မှုတွေ ဖြစ်တိုင်း ဖမ်းမိရင် ပြည်သူ့စစ်အဖွဲ့တွေချည်းပဲ။ ဒီအဖွဲ့ကို ဖမ်းမိရင် နောက်တစ်ဖွဲ့က ထပ်လုပ်တာပဲ။ အခု လုယက်တာလည်း ဒီကောင်တွေပဲ နေမှာပါ” လို့ မြို့ခံတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ နေအိမ်တစ်အိမ်က အိမ်စီးကားနဲ့ iPhone ဖုန်းကို လုယူခဲ့တဲ့ ပေါက်ကိုယ်တော်ရဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၇ ဦးကို စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ဖူးပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်