စစ်ကိုင်းမှာ စစ်အုပ်စုက တွေ့မရှောင် ဖမ်းဆီး ငွေညှစ်နေတာကြောင့် ဆွမ်းခံကြွ သံဃာတော်တွေပါ ဆွမ်းခံထွက်ဖို့ ခက်ခဲနေ

Author CJ Platform
Categories
Published on Jul 15, 2026

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ စစ်အုပ်စုလက်အောက်ခံ စစ်သားနဲ့ ရဲတွေက ပြည်သူတွေကို နေ့စဉ်ရက်ဆက် လိုက်လံဖမ်းဆီးစစ်ဆေးကာ ငွေညှစ်မှုတွေ ပိတ်ဆို့စစ်ဆေးမှုတွေကြောင့် မနက်ခင်း ဆွမ်းခံကြွကြမယ့် သံဃာတော်တွေပါ သွားလာရေး အဟန့်အတား ကြီးစွာဖြစ်ပေါ်ပြီး အကျပ်အတည်း ကြုံတွေ့နေကြရတယ်လို့ မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။

 

စစ်အုပ်စုဟာ ယခုလိုမျိုး ဥပဒေမဲ့ စစ်ဆေးဖမ်းဆီးမှုတွေကို နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်တုန်းကလည်း တကောင်းရပ်ကွက်အတွင်းရှိ နေအိမ်တွေထဲမှာ အေးချမ်းစွာ နေထိုင်နေကြတဲ့ အရပ်သားပြည်သူတွေကိုပါ စစ်အုပ်စုတပ်သားတွေက နေအိမ်အတွင်းအထိ အဓမ္မဝင်ရောက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြတယ်လို့ သိရပါတယ်။

 

“စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားအနီးမှာဆိုရင် မက်စောစောစီးစီး အချိန်ကတည်းက စစ်ဆေးမှုတွေကို စစ်အုပ်စုက ခပ်စိပ်စိပ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီလို လုပ်နေတော့ ကျေးရွာခံ ပြည်သူတွေရော၊ ဈေးသွားဈေးလာတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ဆွမ်းခံကြွမယ့် သံဃာတော်တွေအပြင်၊ နံနက်ခင်း ဆွမ်းလောင်းလှူမယ့် ပြည်သူတွေအတွက်ပါ သွားလာလှုပ်ရှားရတာ အကုန်လုံး အဟန့်အတား ဖြစ်နေရတာပါ” လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့တုန်းကလည်း စစ်အုပ်စုတပ်သားတွေက လမ်းခရီးသွားလာကြသူတွေနဲ့ ဒေသခံပြည်သူ ၃၀ ဝန်းကျင်ခန့်ကို မတရားဖမ်းဆီးခဲ့ကြသလို၊ ယခု ဇူလိုင်လအစောပိုင်း ကာလကတည်းက ပတ္တမြားရပ်ကွက်၊ နီလာရပ်ကွက်နဲ့ ရွှေမင်းဝံရပ်ကွက်ဘက်တွေမှာလည်း စစ်အုပ်စုရဲ့ စစ်ဆေးရေး မော်တော်ယာဉ်တွေနဲ့ နေ့စဉ်ရက်ဆက် လှည့်ပတ်ကာ လမ်းပေါ်ကလူတွေကို ပတ်ဆွဲဖမ်းဆီးနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့် ခြောက်ခြားနေကြရတယ်လို့ သိရပါတယ်။

 

“သူတို့ (စစ်အုပ်စု) က လမ်းသွားလမ်းလာတွေကို စစ်လိုက်ဆေးလိုက်လုပ်၊ ပြီးရင် ရတဲ့နည်းနဲ့ ငွေညှစ်ပြီး လုပ်ချင်တိုင်း လုပ်နေကြတာ ဖြစ်ပါတယ်။ အပြာဝတ်ရဲတွေကတော့ မြို့တွင်းနေရာအစုံမှာပဲ ရှိနေတာပါ။ နေ့စဉ်ရက်ဆက်ကို လိုက်လံဖမ်းဆီး နေတာတွေရှိပါတယ်” လို့ စစ်ကိုင်းမြို့ခံ အသက် ၃၄ နှစ်ဝန်းကျင်အရွယ် အခြားအမျိုးသားတစ်ဦးက CJ Platform သို့ ထပ်မံပြောပါတယ်။

 

ဒီကနေ့ ဇူလိုင် ၁၅ ရက် မနက်ပိုင်းအချိန်မှာလည်း စစ်ကိုင်းမြို့တွင်းက အချက်အချာကျတဲ့ နေရာအချို့မှာ စစ်အုပ်စုဘက်က ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

 

စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်တွေအတွင်းမှာ စစ်အုပ်စုလက်အောက်ခံ တပ်သားတွေက နေ့စဉ်ရက်ဆက် စစ်ကားတွေနဲ့ လှည့်လည်ကာ လမ်းသွားလမ်းလာ ပြည်သူတွေကို မတရားစစ်ဆေးဖမ်းဆီးကာ ငွေကြေးအဆမတန် တောင်းခံညှစ်ယူမှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။ 

 

ဒါကြောင့် မိဘပြည်သူတွေဟာ မိသားစုဝမ်းရေးအတွက် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်စားသောက်ဖို့ နေ့စဉ် သွားလာလှုပ်ရှားရတဲ့ ကိစ္စရပ်တွေမှာပါ ကြီးမားတဲ့ အသက်အန္တရာယ် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မြို့ခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်