စစ်ကိုင်းက ရပ်ကွက်တချို့မှာ စစ်အုပ်စုက ဘန်ကာဆောက်မည်ဆိုကာ တစ်အိမ်ထောင် ငါးသောင်းကျပ်ကောက်ခံ

Author CJ Platform
Categories
Published on Jun 30, 2026

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က ရပ်ကွက်တွေမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီး၊ ရပ်ကွက်လုံခြုံရေးအတွက် ဘန်ကာတွေ ဆောက်လုပ်မယ်လို့ အကြောင်းပြကာ ဇွန်လနောက်ဆုံးပတ်ကစလို့ ငွေကြေးတွေ အတင်းအဓမ္မ လိုက်လံကောက်ခံနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

]ငွေကြေးကောက်ခံမှုကို ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ရပ်ကွက်လုံခြုံရေး ဘန်ကာတွေ တည်ဆောက်ဖို့ဆိုကာ ရပ်ကွက်နေပြည်သူတွေကို တစ်အိမ်ထောင်လျှင် ငွေကျပ်ငါးသောင်းတိတိ လိုက်လံတောင်းခံနေတာ ဖြစ်ပါတယ်။

 

“တာရိုးကြီးအနောက်ဘက် ရပ်ကွက်တွေမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးပိုင်းတွေ ပေါင်းပြီး လိုက်ကောက်နေတာ။ ငွေကောက်ခံတဲ့အပြင် လုံခြုံရေးအတွက်ဆိုပြီး ကိုယ့်ရပ်ကွက်ကို အလှည့်ကျ ကင်းစောင့်ရမယ်လို့လည်း ဖိအားပေး ပြောဆိုထားတယ်” လို့ စစ်ကိုင်းမြို့ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

လက်ရှိအချိန်မှာ စစ်အုပ်စုက စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်တွေဖြစ်ကြတဲ့ ဧမြဝတီရပ်ကွက်၊ နန္ဒဝန်ရပ်ကွက်၊ ဘောဂါရပ်ကွက် စတဲ့ နေရာတွေမှာ အဆိုပါငွေကြေးကောက်ခံမှုတွေကို စတင်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

စစ်အုပ်စုရဲ့ ယခုလိုမျိုး ငွေကြေးအတင်းအဓမ္မ ကောက်ခံမှုတွေအပြင်၊ မြို့ပေါ်ရပ်ကွက်တွေက နေအိမ်တွေနဲ့ ဆိုင်ခန်းတွေထဲအထိပါ အကြောင်းမဲ့ ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေပါ ပြုလုပ်နေတာပါ။ ထို့နောက် မိသားစုဝင်တွေဆီကနေ ငွေကြေးအမြောက်အမြား ညှစ်ထုတ်တောင်းခံတာနဲ့ စစ်မှုထမ်းဖို့ အဓမ္မစေခိုင်းတာတွေကိုပါ ဆက်တိုက်လုပ်ဆောင်လေ့ရှိကြောင်း မြို့ခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်