ရခိုင်မှာ ULA/AA အစိုးရက စျေးနှုန်းသက်သာစွာဖြင့် ဓာတ်မြေဩဇာ ရောင်းချပေးနေပေမဲ့လည်း တောင်သူတွေမှာ သတင်းအချက်အလက်ရဖို့ အလှမ်းဝေးနေ
ရခိုင်ပြည်အတွင်း ULA/AA အစိုးရရဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာနက တောင်သူလယ်သမားတွေအတွက် ဓာတ်မြေဩဇာတွေကို စျေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူနိုင်အောင် ရောင်းချပေးနေပေမဲ့လည်း၊ အမှန်တကယ် လိုအပ်နေတဲ့ လယ်သမားတွေဟာ သတင်းအချက်အလက်တွေနဲ့ အလှမ်းဝေးနေတယ်လို့ ဒေသခံ တောင်သူတွေဆီကနေ သိရပါတယ်။
ULA/AA အစိုးရရဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနက ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကစလို့ လယ်သမားတွေ စိုက်ပျိုးစရိတ် သက်သာစေဖို့နဲ့ သီးနှံအထွက်နှုန်း တိုးစေဖို့ ရည်ရွယ်ပြီးတော့၊ ဓာတ်မြေဩဇာတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးနေတယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လက်ရှိအချိန်မှာ လယ်သမားအများစုဟာ အစိုးရရဲ့ စျေးနှုန်းသက်သက်သာသာနဲ့ ဓာတ်မြေဩဇာ ရောင်းချပေးနေတဲ့ အစီအစဉ်ကို မကြားသိရသေးဘူးလို့ မြောက်ဦးမြို့နယ်မှ ဒေသခံလယ်သမားတစ်ဦးက ဆိုပါတယ်။
“အစိုးရက ခုလိုရောင်းချပေးနေတာကိုတော့ မသိရှိသေးပါဘူး။ ခုလိုရောင်းချပေးလို့လည်း ဝမ်းသာရပါတယ်။ ဒါပေမဲ့ လယ်သမားတွေက ဒီရာသီ လယ်ထွန်းတဲ့ကာလဆိုတော့ အစိုးရရုံးတွေဆီကိုလည်း မရောက်ဖြစ်ကြဘူးလေ၊ သိပ်လည်းမအားကြဘူး။ ရပ်ရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် လယ်သမားတွေဆီကိုပဲ ဖြစ်ဖြစ် အသိပေးတာ၊ စာကမ်းတာမျိုး လုပ်ပေးစေချင်တယ်။ အခုခေတ်က သတင်းစကားတစ်ခု တစ်နေရာကနေ တစ်နေရာ ရောက်ဖို့က မလွယ်ဘူးလေ။ ပြီးခဲ့တဲ့ စပါးဝယ်တဲ့ အခေါက်တုန်းကလို မဖြစ်စေချင်ဘူး” လို့ သူက ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ဒေသတွင်း စျေးကွက်မရှိတဲ့အတွက်ကြောင့် စပါးဝယ်လိုအား ကျဆင်းနေချိန်မှာ ULA/AA အစိုးရက လယ်သမားတွေဆီကနေ စပါးတွေ လိုက်လံဝယ်ယူခဲ့ပေမဲ့လည်း၊ မြေပြင်က လယ်သမားအများစုမှာ သတင်းအချက်အလက် သိရှိမှု နည်းပါးခဲ့တဲ့အတွက်ကြောင့် အဲဒီအခွင့်အရေးကို မရောင်းလိုက်ရဘဲ နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့ရပါတယ်။
တစ်ဖက်မှာလည်း ULA/AA အစိုးရရဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနက ဓာတ်မြေဩဇာ (၁) အိတ်ကနေ (၁၀) အိတ်အထိ ဝယ်ယူမယ့်သူတွေအတွက် မည်သည့်ထောက်ခံချက်မှမလိုဘဲ တိုက်ရိုက်ဝယ်ယူနိုင်ကြောင်းနဲ့၊ (၁၀) အိတ်နှင့် အထက် ဝယ်ယူမယ့်သူတွေအတွက်သာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ လိုအပ်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။
အခုနှစ်အတွက် ဓာတ်မြေဩဇာ (၃) မျိုးကိုသာ ရောင်းချပေးသွားမှာဖြစ်ပြီးတော့ အိန္ဒိယ Urea (အဖြူ) တစ်အိတ်ကို ၉၅,၀၀၀ ကျပ်၊ အိန္ဒိယ DAP (အမဲ) တစ်အိတ်ကို ၂၀၀,၀၀၀ ကျပ်နဲ့ သဘာဝမြေဩဇာ (၁၅) ကီလိုတစ်အိတ်ကို ၃၂၀,၀၀0 ကျပ်နဲ့ ရောင်းချပေးနေတာ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – အာရက္ခမုတ်သုန်
CJ 009
