အငြိမ်းစားဝန်ထမ်းတွေနဲ့ လုပ်သက် အနှစ် ၃၀ အထက် ဝန်ထမ်းတွေကို မြေနေရာပေးဖို့ အစီအစဉ်မရှိဘူးလို့ ရန်ကုန်မြို့တော်ဝန်ပြော
စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း အငြိမ်းစားယူသွားကြတဲ့ ဝန်ထမ်းတွေနဲ့ လုပ်သက်အနှစ် ၃၀ အထက်ရှိတဲ့ ဝန်ထမ်းတွေကို မြေကွက်ချထားပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်အုပ်စုခန့် ရန်ကုန်မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ လုပ်သက်အနှစ် (၃၀) နဲ့အထက် ရှိတဲ့ ဝန်ထမ်းတွေနဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်း အငြိမ်းစားယူခဲ့ကြတဲ့ ဝန်ထမ်းတွေကို မြေကွက်များ ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ အရှေ့ဒဂုံမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာက ဒီကနေ့ တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
မြို့ပြစီမံကိန်းတွေကို အစီအစဉ် ရေးဆွဲနေပြီး၊ ရေးဆွဲပြီးပါက ပြည်ထောင်စုအဆင့် လမ်းညွှန်မှုကို ခံယူရမှာဖြစ်တာကြောင့် လက်တလောမှာ လုပ်သက်ရင့်ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို မြေကွက်ချထားပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်အုပ်စုခန့် ရန်ကုန်မြို့တော်ဝန်လည်းဖြစ်သူ စစ်အုပ်စုရဲ့ ရန်ကုန်တိုင်း စည်ပင်သာာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းအများစုမှာ ရရှိတဲ့ လုပ်ခလစာနဲ့ မိသားစု စားဝတ်နေရေးကို ပြေလည်အောင် မဖြေရှင်းနိုင်ကြသည့်အပြင်၊ အိမ်ငှားခပါ ပေးဆောင်နေရတာကြောင့် အပိုဝင်ငွေ ကုန်ကျမှုတွေ ရှိနေတယ်လို့ ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဝန်ထမ်းလိုင်းခန်းလည်းမရ၊ အိမ်ရာလည်းမရဘဲ ကိုယ့်ဘာသာအိမ်ငှားနေရတဲ့ ဝန်ထမ်းတွေကျတော့ အပိုဝင်ငွေ အများကြီး ကုန်ကျတာပေါ့။ ကျောတစ်ခင်းစာ နေရာအတွက် အငြိမ်းစားဝန်ထမ်းတွေကို မြေနေရာ ပေးသင့်ပါတယ်” လို့ သူက ပြောပြပါတယ်။
မြေကွက်များ ချထားပေးရာမှာလည်း အရပ်ဘက်ဝန်ထမ်းနဲ့ စစ်ဘက်ဝန်ထမ်း ကွဲပြားမှုတွေရှိပြီး၊ စစ်ဘက်ပိုင်းကသာ မြေကွက်ရရှိသူ ပိုများတယ်လို့ အငြိမ်းစားဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“စစ်ဘက်နဲ့ အရပ်ဘက်က မတူဘူး။ အရပ်ဘက်က မြေကွက်တစ်ခါရဖို့ အဆင့်ဆင့်နဲ့ သွားရတာမလို့ လုံးဝမလွယ်ဘူး။ စစ်ဘက်က လူကြီးလက်မှတ်ပါတာနဲ့ မြေကွက်ရဖို့ လွယ်တယ်။ ရန်ကုန်မှာ မြေကွက်ချပေးတာ ၃ ကြိမ်ရှိပြီ၊ ရတဲ့သူတွေက တပ်မိသားစုဝင်တွေပဲ များပါတယ်” လို့ သူက ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုက ရန်ကုန်တိုင်းအတွင်းမှာ နေထိုင်ပြီး ရှေ့တန်းမှာ သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ အရာရှိ၊ စစ်သည်တွေအတွက် မြေကွက်ပေါင်း ၁,၆၅၀ ကို ချထားပေးခဲ့ပြီး၊ တိုက်ခန်း ၇၄ ခန်းကိုလည်း ရာခိုင်နှုန်းဖြင့် လျှော့စျေးဖြင့် ရောင်းချပေးခဲ့ကြောင်း ဇွန်လ ၁၆ ရက်နေ့က နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောဆိုခဲ့ဖူးပါတယ်။
ဓာတ်ပုံ – Pro-SAC
