ရေဘေးသင့်နေတဲ့ စစ်ကိုင်းမှာ စစ်အုပ်စုက နေအိမ်အထိ ဝင်ရောက်ကာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ် ပြုလုပ်နေ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ မိုးရွာသွန်းမှုတွေနဲ့ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုနဲ့ ရင်ဆိုင်နေရချိန် စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက ပြည်သူပိုင် နေအိမ်တွေအထိပါ ဝင်ရောက်ကာ ဒေသခံ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ် ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းမြို့ရှိ အမှတ် (၁) ရဲစခန်း စခန်းမှူး အသစ်ပြောင်းလဲလာပြီးနောက် တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်စပ်သူ အနည်းဆုံး ၁၀ ဦးခန့်ကို အမိဖမ်းဆီးပြဖို့ ဖိအားပေးခံရမှုတွေအပြင် စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့ဝင်တွေရဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းဖို့ မြို့ပေါ် ရပ်ကွက်တွေမှာ ခုလို ရေဘေးသင့်နေတဲ့ကြားကပင် လိုက်လံ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရတာပါ။
“အလင်းဝင်လာတဲ့သူတွေ များပြားနေပြီး အမိဖမ်းပြစရာ မရှိတာကြောင့် ဟုတ်ဟုတ် မဟုတ်ဟုတ် ကြုံရာလူကို ဆွဲဖမ်းဖို့ လုပ်နေကြတာပါ။ မနေ့ကလည်း ဆွဲတယ်၊ ဒီနေ့လည်း ပတ်ဆွဲနေတုန်းပဲ” လို့ စစ်ကိုင်းမြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့ကလည်း စစ်ကိုင်းမြို့ပေါ် ရပ်ကွက်တွေမှာ လိုက်လံ ဖမ်းဆီးမှုတွေ ရှိခဲ့ပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့သူ ကျောင်းသားတစ်ဦးရဲ့ အဆိုအရ အနည်းဆုံး လူ ၁၀ ဦးကျော် ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“ဝန်ထမ်းနဲ့ ကျောင်းသားတွေကိုလောက် ဖမ်းဆီးတာ မလုပ်တာ၊ ဒါတောင် ကျောင်းသားတွေကို ရစ်ချင်တာ၊ အရပ်သားဆိုရင် အတင်း ဆွဲချင်နေတာ” လို့ လမ်းခုလတ် တစ်နေရာမှာ ပေါ်တာဆွဲ ဖမ်းဆီးတဲ့ ကားနဲ့ တွေ့ကြုံ စစ်ဆေးခံခဲ့ရတဲ့ ကျောင်းသားတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
လက်ရှိမှာ စစ်ကိုင်းမြို့ပေါ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ချင်းစု၊ အုတ်စက် စတဲ့ ရပ်ကွက်တွေအပြင် အနိမ့်ပိုင်း ရပ်ကွက်တွေနဲ့ အမြန်လမ်း အောက်ဘက် တစ်လျှောက်ရှိ နေအိမ်တွေမှာ ရေဘေး ကြုံတွေ့နေကြရတဲ့ ကြားထဲကပင် ခုလို စစ်အုပ်စုက ဖမ်းဆီးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အလားတူ သဖန်းဆိပ်ဆည် ရေလွှတ်မှုတွေကြောင့်ပဲ သဖန်းဆိပ်ဆည် အောက်ဘက်က မူးမြစ်ကမ်း တစ်လျှောက် မြို့နယ်တွေမှာ ဩဂုတ်လ ၆ ရက်က စတင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဩဂုတ်လ ၁၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း အတွင်းက မြို့နယ် ၇ ခုမှာ လူ ၂၃ ဦးကျော် သေဆုံးမှုတွေ ရှိနေပြီး ခုလို မူးမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာ အများအပြားမှာလည်း ခုလို ရေကြီးမှုဒဏ်ကို တွေ့ကြုံ ခံစားနေကြရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
