ရခိုင်မှာ ULA/AA က တက္ကသိုလ်တွေ ပြန်လည် ဖွင့်လှစ်ပေးနေ

Author CJ Platform
Categories
Published on Aug 12, 2026

ရခိုင်ပြည်မှာ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရ၊ အာရက္ခ အမျိုးသား ပညာရေးဌာနက အာရက္ခ အမျိုးသား တက္ကသိုလ် ၂၀၂၆ – ၂၀၂၇ ခုနှစ် ပညာသင်နှစ်အတွက် တတိယနှစ်နဲ့ (ပထမနှစ်) ဂုဏ်ထူးတန်း သင်တန်းသားတွေကို ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ရခိုင်မှာ အဆင့်မြင့် ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးတာဟာ စစ်ရေး ပဋိပက္ခတွေကြား ပညာရေးနဲ့ အလှမ်းဝေးကွာခဲ့ရတဲ့ လူငယ်တွေအတွက် ဘွဲ့ ရရှိရေး အခွင့်အလမ်းတွေနဲ့ အနာဂတ် လမ်းစတစ်ခုလည်း ဖြစ်ကြောင်း ဒေသခံ လူငယ်တစ်ဦးက ပြောပြပါတယ်။

 

ခုဖွင့်လှစ်မယ့် အာရက္ခ အမျိုးသား တက္ကသိုလ်မှာ တတိယနှစ်အတွက် ပညာသင်နှစ် (၂) နှစ်၊ ပထမနှစ် ဂုဏ်ထူးတန်းအတွက် ပညာသင်နှစ် (၃) နှစ်ဖြစ်ပြီး မည်သည့် တက္ကသိုလ်မှာမဆို သက်ဆိုင်ရာ အထူးပြု ဘာသာရပ်နဲ့ (Day/ UDE) ဒုတိယနှစ် အောင်မြင်ပြီးစီးသူ လက်ရှိ ရခိုင်ပြည်အတွင်း နေထိုင်သူ မည်သူမဆို လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

 

ဒါ့အပြင် ဝိဇ္ဇာနဲ့ သိပ္ပံ အထူးပြု ဘာသာရပ်တွေအပြင် အခြားသော Humanities, Social Science, Art ဘာသာရပ်တွေကိုပါ လျှောက်ထားနိုင်ပြီး သင်တန်းပြီးဆုံးပါက B.A, B.Sc, B.Com, LL.B စတဲ့ ဘွဲ့တွေကို အပ်နှင်းသွားမယ်လို့ ဖော်ပြထားပါတယ်။

 

တက္ကသိုလ် တက်ရောက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တစ်ဦးက “ကျနော်တို့လို ပညာမပြီးပြတ်ခဲ့တဲ့ လူငယ်တွေအတွက် အနာဂတ်မှာ အလုပ်လျှောက်တဲ့အခါ အထောက်အကူ ဖြစ်ပါတယ်။ နောက်ပြီး အရင် အစိုးရတုန်းက ပညာသင်စနစ်လို ဘွဲ့ရတာဟာ စာရွက်တစ်ရွက် ရတာနဲ့တင် မပြီးပြတ်သွားဘဲ ရရှိလာတဲ့ ပညာတွေကို လက်တွေ့ အသုံးချနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ဘွဲ့ရပြီးရင်လည်း သင်ယူခဲ့တဲ့ ပညာရပ်နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ကိုလည်း မျှော်လင့်ပါတယ်” လို့ ပြောပြပါတယ်။

 

ဒါ့အပြင် တက္ကသိုလ် ကျောင်းသားသစ် ခေါ်ယူမှုမှာ ဒေသခံ လူငယ်တွေအပြင် ULA/AA ရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုပါ ပညာ ဆက်လက် သင်ကြားခွင့် ပြုထားတယ်လို့ ULA/AA နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

 

ရခိုင်မှာ အမျိုးသား ကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဋ္ဌာန်းချက် (NDEP) အရ ပြည်ပထွက်ခွာခွင့် မရရှိတဲ့အတွက် ပညာ ဆက်လက် သင်ယူခွင့် ဆုံးရှုံးနေရတဲ့ လူငယ်တွေအတွက် ခုလို တက္ကသိုလ်တွေကို ဖွင့်လှစ်ပေးမှုဟာ ပညာ ဆက်လက် သင်ကြားခွင့် ရရှိဖို့ အခွင့်အလမ်းတစ်ခု ဖြစ်တယ်လို့ ပညာရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

 

တစ်ဖက်မှာလည်း စစ်ရေး ပဋိပက္ခတွေကြောင့် ရခိုင်ပြည်အတွင်းမှာ အလုပ်အကိုင် ရှားပါးမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေရမှုတွေကြောင့် ဒေသခံ လူငယ်တွေအကြား ပညာ ဆက်လက် သင်ယူဖို့ ငွေကြေး အခက်အခဲတွေ ရှိနေတယ်လို့ စစ်ဘေးရှောင် လူငယ်တစ်ဦးက ပြောပြပါတယ်။

 

ဒါကြောင့် စစ်ဘေးရှောင်တွေနဲ့ ပညာ ဆက်လက် သင်ကြားဖို့ အခက်အခဲ ရှိနေတဲ့ လူငယ်တွေအတွက် ပညာသင်ဆု (Scholarship)၊ သွားလာ နေထိုင်စရိတ် ထောက်ပံ့မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကိုပါ ဆောင်ရွက်ပေးဖို့ ဒေသခံတွေ လိုလားနေကြပါတယ်။

 

CJ 009

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ – ရခိုင်ပြည်အတွင်းရှိ တက္ကသိုလ်တစ်ခုကို မြင်ရပုံ (ပုံဟောင်း)

 

 

Related News

Depend on news