လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း စစ်အုပ်စုခန့် ပြောရေးဆိုခွင့်ရှိသူ ပြောကြား

Author CJ Platform
Categories
Published on Jun 30, 2026

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ပုံမှန်ဆေးစစ်မှုတွေ ပြုလုပ်နေတယ်လို့ စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူ လဝကဒုဝန်ကြီး ဒေါ်ခိုင်ခိုင်စိုးက ပြောကြားလိုက်ပါတယ်။

 

ဒီကနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြည်တွင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို လဝကဒုဝန်ကြီး ဒေါ်ခိုင်ခိုင်စိုးက ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

 

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်နေပါတယ်။ ဘာမှပြဿနာမရှိပါဘူး။ အပြည့်အဝ ကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန်ပြုလုပ်ပေးနေပါတယ်” လို့ သူက ပြောပါတယ်။

 

သတင်းထောက်တွေက အာဆီယံအထူးကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ပြုနိုင်ခြင်း ရှိ၊ မရှိ ထပ်မံမေးမြန်းခဲ့ကြတာပါ။

 

“ဒေါ်အောင်ဆန်းစုကြည်သည် တရားရုံးရဲ့ အမိန့်အရ ပြစ်ဒဏ်ကျခံနေရသူဖြစ်သဖြင့် ဥပဒေနဲ့အညီ ပြစ်ဒဏ်ကျခံပြီးနောက်တွင်သာ တွေ့ဆုံခွင့် ရရှိနိုင်မှာဖြစ်ကြောင်း” ဒေါ်ခိုင်ခိုင်စိုးက ထပ်မံပြောဆိုပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မမျိုးစုံတပ်ကာ ထောင်ဒဏ် ချမှတ်ခဲ့ပြီး၊ ယခု ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာတော့ ပြစ်ဒဏ်အချို့ လျှော့ပေါ့ပေးကာ နေအိမ်အကျယ်ချုပ်ဖြင့် ပြောင်းရွှေ့ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

 

နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်နဲ့ ထားရှိတယ်လို့ စစ်အုပ်စုဘက်က ပြောဆိုပေမဲ့လည်း ဘယ်နေရာမှာ အတိအကျ ချုပ်နှောင်ထားတယ်ဆိုတာ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို၊ လက်ရှိအချိန်ထိ ရှေ့နေတွေအပါအဝင် မိသားစုဝင်တွေကိုပါ ပေးတွေ့ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်