လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ Bontech စက်ရုံ နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှု ပြေလည်မှုရရှိ

Author CJ Platform
Categories
Published on Jul 01, 2026

လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြတဲ့ Bontech အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးပြီးနောက်၊ ရရှိလာတဲ့ သဘောတူညီချက်တွေနဲ့အတူ ပြေလည်သွားပြီလို့  စက်ရုံရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က အသိပေးထားပါတယ်။

 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Bontech အထည်ချုပ်စက်ရုံမှ အလုပ်သမားတွေက လုပ်ခလစာတိုးပေးဖို့ တောင်းဆိုနေကြတာနဲ့ ပတ်သက်ပြီး၊ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က နှစ်ဖက်သဘောတူကတိကဝတ်တွေကို လက်မှတ်ရေးထိုးကာ ပြေလည်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။

 

အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက “အလုပ်ရှင်ဘက်ကရော၊ ကိုယ့်ဘက်ကပါ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လက်ခံလိုက်တာပါ။ အလုပ်သမားတွေ တောင်းဆိုတဲ့အတိုင်း အပြည့်အဝတော့ မရဘူးပေါ့။ အားလုံး ပြေလည်သွားပြီဆိုတော့ အလုပ်ခွင်ထဲ ပြန်ဝင်ကြရမှာပါ” လို့ ပြောပြပါတယ်။

 

ဝါးတရာစက်မှုဇုန် Bontech စက်ရုံအလုပ်သမားတွေဟာ ဒေးကြေး (နေ့တွက်စရိတ်) ကို ၁၅,၀၀၀ ကျပ်၊ အချိန်ပို (OT) ကြေး ၃,၀၀၀ ကျပ်၊ ရက်မှန်ကြေး ၆၀,၀၀၀ ကျပ်နဲ့ အပူခံကြေး ၃၀,၀၀၀ ကျပ် ပေးဖို့ အသီးသီး တောင်းဆိုခဲ့ကြတာပါ။

 

အဲဒီတောင်းဆိုမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်ညှိနှိုင်းချက်အရ စက်ရုံအလုပ်ရှင်ဘက်က ဒေးကြေး ၁၂,၅၀၀ ကျပ်၊ အချိန်ပိုကြေး ၂,၄၀၀ ကျပ်၊ ရက်မှန်ကြေး ၅၅,၀၀၀ ကျပ်နဲ့ အပူခံကြေး ၁၅,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးဖို့ သဘောတူညီခဲ့ကြောင်း အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးထားတဲ့ လူမှုသဘောတူစာချုပ်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ဆန္ဒပြတောင်းဆိုမှု လုပ်ဆောင်ခဲ့ကြတဲ့ ဇွန်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းကနေ ဇွန်လ ၂၉ ရက်နေ့အထိ လုပ်ငန်းခွင် ဝင်ရောက်ခြင်းမရှိတဲ့ နေ့ရက်တွေအတွက် လုပ်ခလစာ ပေးချေသွားမှာ မဟုတ်ကြောင်းနဲ့၊ လာမယ့်တစ်နှစ်အတွင်း အခုလိုမျိုး လုပ်ခတိုးမြှင့်ပေးဖို့ ထပ်မံတောင်းဆိုတာတွေ မလုပ်လုပ်ဖို့ အလုပ်သမားတွေဘက်က သဘောတူလက်ခံကြောင်း စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားတာ ဖြစ်ပါတယ်။

 

လက်ရှိ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်အတွင်းရှိ Chi Sheng အထည်ချုပ်စက်ရုံနဲ့ Myanmar Chaofa လယ်သာအိတ်ချုပ်စက်ရုံတွေမှာလည်း လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုမှုတွေ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်ခဲ့ပြီးနောက်၊ Bontech အထည်ချုပ်စက်ရုံမှာလည်း အလားတူ လိုက်လံတောင်းဆိုခဲ့ကြတာပါ။

 

Myanmar Chaofa အိတ်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို ဇွန်လ ၂၄ ရက်နေ့က မြို့နယ်ပေါင်းစပ်အဖွဲ့က နှစ်ဖက်ခေါ်ယူညှိနှိုင်းပေးခဲ့လို့ ပြေလည်သွားခဲ့ပြီးနောက်၊ စက်ရုံတစ်ရုံပြီးတစ်ရုံ လုပ်ခတိုးမြှင့်ပေးဖို့ ဆက်တိုက်တောင်းဆိုလာခဲ့ကြတာ ဖြစ်ပါတယ်။

 

Bontech စက်ရုံအလုပ်သမားတွေရဲ့ တောင်းဆိုမှု ဖြစ်ပွားစဉ် နေ့လယ်ပိုင်းအထိ အလုပ်ရှင်နဲ့ ညှိနှိုင်းတဲ့အဆင့်သို့ မရောက်ရှိသေးဘဲ၊ စစ်အုပ်စုလက်အောက်ခံ မြို့နယ်ရဲစခန်းမှ နယ်ထိန်းရဲတွေက အခြေအနေကို လာရောက်စောင့်ကြည့်စစ်ဆေးသွားခဲ့တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – STUM