တရုတ်အမျိုးသားနဲ့ လက်ထပ်ရင် သိန်း ၂၀၀ ရမယ်ဆိုပြီး လူကုန်ကူးခဲ့သူတွေ အမှုဖွင့်ခံရပြီး ကျူးလွန်သူ တရုတ်အမျိုးသား ထောင် ၁၂နှစ် ချခံရ
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနဲ့ လက်ထပ်ရင် သိန်း ၂၀၀ ရမယ်လို့ စည်းရုံးပြီး လူကုန်ကူးခဲ့သူတွေ အမှုဖွင့်ခံထားရကာ ကျူးလွန်သူ တရုတ်အမျိုးသားကို အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တယ်လို့ စစ်အုပ်စုက ဒီနေ့ ဧပြီ ၂၉ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
လူကုန်ကူးခံရတဲ့ အမျိုးသမီးဟာ တစ်မြို့နယ်တည်းနေ သူငယ်ချင်းဖြစ်သူ မယုယုခိုင်နဲ့ အလုပ်ကိစ္စ တိုင်ပင်ချိန် တရုတ်အမျိုးသားကို လက်ထပ်ယူပါက ငွေကျပ်သိန်း ၁၈၀ ကနေ ၂၀၀ အထိရမယ်လို့ စည်းရုံးခေါ်ဆိုခဲ့ပြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နေ ကိုဇာနည်မင်းနဲ့ တွေ့ဆုံပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက် ကိုဇာနည်မင်းက တရုတ်အမျိုးသား Mr. Wu Jin Min (ဝူကျင်းမင်း) နဲ့ တွေ့ဆုံပေးခဲ့ပြီး ဝူကျင်းမင်းက တင်တောင်းငွေကျပ်သိန်း ၁၈၀ ပေးမယ်လို့ ပြောဆိုကာ အကျိုးဆောင်ခအဖြစ် ကိုဇာနည်မင်းကို ငွေကျပ် ၅ သိန်းနဲ့ မင်္ဂလာဆွမ်းကျွေးဖို့ ငွေကျပ် ၁၀ သိန်း ပေးခဲ့တယ်လို့ သိရပါတယ်။
မင်္ဂလာဆွမ်းကျွေးနေ့မှာ လူကုန်ကူးခံရတဲ့အမျိုးသမီးကို တင်တောင်းငွေကျပ်သိန်း ၈၀ ပေးခဲ့ပြီး ကျောက်တံတားခရိုင် တရားရုံးမှာ လက်ထပ်လက်မှတ်ရေးထိုးချိန် ငွေကျပ်သိန်း ၅၀ ကို ထပ်မံပေးခဲ့သလို ကျန်ငွေသိန်း ၅၀ ကို လေယာဉ်တက်ချိန်ပေးမယ်လို့ဆိုပြီး တင်တောင်းငွေတွေနဲ့ မက်လုံးပေးစည်းရုံးကာ အဓမ္မလက်ထပ်စေခဲ့ပြီး လှိုင်သာယာမြို့နယ် ရွှေပဒုမ္မာဟိုတယ်မှာ ပေါင်းသင်းနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (ရန်ကုန်) က တရားလိုပြုလုပ်ကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနဲ့ ရွှေပြည်သာမြို့နယ် ရဲစခန်းမှာ ပါဝင်ပတ်သက်သူတွေကို အမှုဖွင့်တရားစွဲတင်ခဲ့ပြီး ဧပြီ ၂၄ ရက်မှာ မင်္ဂလာဒုံခရိုင်တရားရုံးက ဝူကျင်းမင်းကို အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ လူကုန်ကူးခံရတဲ့အမျိုးသမီးနဲ့ပတ်သက်ပြီး ကနဦးတိုင်ကြားသူကို မဖော်ပြထားသလို မယုယုခိုင်က ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဖော်ပြထားပြီး လူကုန်ကူးရာမှာ ပါဝင်ပတ်သက်သူ ကိုဇာနည်မင်းကို ဖမ်းဆီးရမိမှု ရှိ၊ မရှိ အခြေအနေနဲ့ပတ်သက်ပြီး ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။
ဓာတ်ပုံ – Getty Images
