စစ်မှုထမ်းသူတိုင်း သေဆုံးတာမဟုတ်ဘဲ အိမ်ပြန်လာသူ အများအပြားရှိတယ်လို့ စစ်အုပ်စုခန့် ဝန်ကြီးချုပ်ပြော
လူငယ်တွေ စစ်ထဲဝင်ပြီး စစ်မှုထမ်းတိုင်း သေလူလို့ မသတ်မှတ်ဘဲ မွန်ပြည်မှာ အသက်ရှင်လျက် အိမ်ပြန်ရသူအများကြီးရှိကြောင်း စစ်တပ်ကိုယ်စားလှယ်ကနေ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးအောင်ဝင်းသန်းက ပြောပါတယ်။
ဒီကနေ့ မနက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ သံဖြူဇရပ်အခြေစိုက် အမှတ် ၄ တန်းမြင့်သင်တန်းကျောင်းမှာ ပြုလုပ်တဲ့ စစ်မှုထမ်းအပတ်စဉ် ၂၂ သင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တာလို့ ဌာနဆိုင်ရာသတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“ဝန်ကြီးချုပ်က လိုင်းပေါ်မှာ သတင်းတွေကို မယုံနဲ့တဲ့၊ စစ်ထဲဝင်တိုင်း ရှေ့တန်းထွက်တိုင်း သေတာမဟုတ်ဘူး၊ မွန်ပြည်မှာ စစ်မှုထမ်းပြီး အိမ်ပြန်ရတဲ့သူ ရာနဲ့ချီပြီးရှိတယ်လို့ ပြောတယ်။ အပတ်စဉ် ၂၂ က ကလေးတွေကို သင်တန်းဆင်းပြီး ရှေ့တန်းပို့မှာ မကြောက်အောင်ပြောတဲ့ပုံစံ ကလေးတွေကိုသာ ပြောတာ။ သူကိုယ်တိုင် စစ်မတိုက်ဖူးဘူး။ ရေတပ်မှာတုန်းက ထောက်ပံ့ရေးဌာနချုပ်မှူးကနေ စစ်တပ်က ကိုယ်စားလှယ်ခန့်လို့ ဝန်ကြီးချုပ်ဖြစ်လာတာ” လို့ ပြောပါတယ်။
စစ်မှုထမ်းသင်တန်းဆင်းပြီးတဲ့ လူငယ်များကို စစ်ကောင်စီတပ်က ကရင်ပြည်နဲ့ ရှမ်းမြောက် တိုက်ပွဲဖြစ်ရာ ရှေ့တန်းစစ်မြေပြင်များကို ပို့၍ သေဆုံးသူများကြောင်း အပတ်စဉ် ၂ မှ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကျွန်တော့်တူလေးက မုဒုံကနေ ပါသွားတာ။ ၂၀၂၄ ခုနှစ်က အပတ်စဉ် ၂ သင်တန်းဆင်းတော့ ဖာပွန်ကိုပို့လိုက်တာ ၁ လလောက်ပဲ ကြာတယ်၊ ရှေ့တန်းမှာ သေသွားတယ်။ သူနဲ့အတူပါသွားတဲ့ တပ်ခွဲလည်း အကုန်သေတယ်။ သေတဲ့သတင်းကို စစ်တပ်က သေပြီး ၄ လအကြာမှာ အကြောင်းကြားတယ်” လို့ ပြောပါတယ်။
တကက ၄ သင်တန်းကျောင်းမှ အပတ်စဉ် ၁ သင်တန်းဆင်းများကို ရှမ်းမြောက်စစ်ဆင်ရေးသို့ ပို့ခဲ့၍ မောင်ဖြစ်သူသေဆုံးခဲ့ပြီး နာရေးကို တိတ်တဆိတ်လုပ်ခဲ့ကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အပတ်စဉ် ၁ သင်တန်းဆင်းတွေက ၁၀၂၇ စစ်ဆင်ရေးဖြစ်တဲ့အချိန်နဲ့ကြုံတော့ သေလိုက်တဲ့ စစ်မှုထမ်းတွေမနည်းဘူး။ ကျွန်မမောင်လေးက လားရှိုးမှာကျတာ။ သေတာတောင် စစ်တပ်က ခြိမ်းခြောက်ထားတော့ လိုင်းပေါ်မတင်ရဲဘူး၊ နာရေးကို အကြီးအကျယ်မလုပ်ရဲဘူး” လို့ ပြောပါတယ်။
စစ်မှုထမ်းတိုင်းသေတာ မဟုတ်ပေမယ့် တိုက်ပွဲအတွေ့အကြုံမရှိသူတွေကို ရှေ့တန်းပို့တာဟာ ကိုယ့်သေတွင်း ကိုယ်တူးခိုင်းသလို ဖြစ်နေတယ်လို့ စစ်ရေးလေ့လာသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“စစ်မှုထမ်းတော့ မသေဘူးမှန်တယ်။ ဒါပေမယ့် ၄၅ ရက်လောက် သင်တန်းပေးပြီး ဘာတိုက်ပွဲအတွေ့အကြုံမှမရှိတဲ့ ကလေးတွေကို ရှေ့တန်းပို့တာ ကိုယ့်သေတွင်း ကိုယ်တူးခိုင်းသလို ဖြစ်မနေဘူးလား” လို့ သုံးသပ်ပြောဆိုပါတယ်။
ဧပြီလ ၁၀ ရက်က မော်လမြိုင်မြို့နယ်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ ၂ နှစ်ပြည့်သွားတဲ့ စစ်မှုထမ်းအပတ်စဉ် ၁ များ လူဦးရေ ၁၀၀ ကျော်သာ အိမ်ပြန်နိုင်ခဲ့တယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အပတ်စဉ် ၁ မှာ သင်တန်းဆင်းသွားတဲ့ သင်တန်းသား ၄၉၅ ယောက်ရှိတယ်။ ၂ နှစ်ပြည့်လို့ အိမ်ပြန်ရတာ ၁၁၆ ယောက်ပဲရှိတယ်။ သေတဲ့သူ ၃၀၀ ကျော်ရှိတယ်။ ဒါတောင် မွန်ပြည်တစ်ခုပဲရှိသေးတယ်။ ရတခ ဆိုတာ မွန်ပြည်နဲ့ ကရင်ပြည်ကို တွဲပြီးအုပ်ချုပ်တာ” လို့ ရှင်းပြပါတယ်။
စစ်မှုထမ်းဥပဒေကို သမ္မတဖြစ်သွားတဲ့ စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ မှာ ဥပဒေထုတ်ပြန်ခဲ့ပြီး မတ်လ ၃၀ ရက်မှာ စစ်မှုထမ်းအပတ်စဉ် ၁ ကို စတင်ခေါ်ယူခဲ့ရာ အခုဆို စစ်မှုထမ်းအပတ်စဉ် ၂၅ အထိ ရောက်ပြီဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
