ကိုရီးယားမှာ တားမြစ်ပစ္စည်းသယ်ဆောင်လာတဲ့ မြန်မာအချို့ လေဆိပ်တွင် တားဆီးခံရ

Author CJ Platform
Categories
Published on Apr 29, 2026

တောင်ကိုရီးယားနိုင်ငံအတွင်း တားမြစ်ပစ္စည်း သယ်ဆောင်လာတဲ့ မြန်မာလုပ်သားအချို့ကို ပြည်ဝင်ခွင့်ပိတ်ခံရတဲ့ အခြေအနေကြုံခဲ့ရတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ စစ်အုပ်စုရဲ့ သံရုံးဆီက သိရပါတယ်။

 

EPS စနစ်နဲ့ အလုပ်လုပ်ကိုင်ဖို့ ကုန်ထုတ်လုပ်သား ၁၂၀ ကျော်ဟာ ဧပြီ ၂၈ ရက်မှာ ဝင်ရောက်လာခဲ့ပြီး တောင်ကိုရီးယားအစိုးရက တားမြစ်ထားတဲ့ ပစ္စည်းသယ်ဆောင်လာမိသူအချို့ ဝင်ခွင့်မရဘဲ အင်ချွန်းလေဆိပ်မှာ တားဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

 

အဲဒီလို ပြည်ဝင်ခွင့်ခက်ခဲခဲ့တဲ့ အလုပ်သမားအရေအတွက်နဲ့ သယ်ဆောင်ခဲ့တဲ့ ပစ္စည်းအမျိုးအစားကို ဖော်ပြထားတာမရှိဘဲ ပြည်ဝင်ခွင့်ရရှိအောင် အလုပ်သမားသံအရာရှိက သွားရောက်ဖြေရှင်းဆောင်ရွက်ခဲ့ရတယ်လို့ စစ်အုပ်စုသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။

 

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ ဝင်ရောက်လာတဲ့ မြန်မာအချို့ဟာ ရေရှည်အထားခံတဲ့ အသားခြောက်၊ အကြော်အလှော်၊ ကွမ်းရွက်၊ ကွမ်းသီးတွေကို ပုံစံအမျိုးမျိုးနဲ့ သယ်လာလေ့ရှိပြီး အရေးယူခံရတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့တယ်လို့ အဲဒီနိုင်ငံမှာ ရောက်ရှိလုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။

 

“မလာခင်ကတည်းက မသယ်ဖို့ အသိပေးလေ့ရှိတယ်။ ဒါလည်း သယ်တဲ့သူက သယ်တာပဲ။ လူသစ်မပြောနဲ့၊ လူဟောင်းအလုပ်သမားတွေတောင် သိသိကြီးနဲ့ သယ်ကြတာ။ ကြာတော့ မြန်မာဆိုရင် လေဆိပ်မှာ ပိုစစ်ခံရရော” လို့ ပြောပါတယ်။

 

တောင်ကိုရီးယားအစိုးရက သူ့နိုင်ငံအတွင်း ဝင်ရောက်မယ့်သူတွေကို အသား၊ အသားထွက်ပစ္စည်း၊ နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး၊ တိရစ္ဆာန်အစာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်၊ မျိုးစေ့များနဲ့ ပျိုးပင်တွေ သယ်ဆောင်ခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။

 

အဲဒီတားမြစ်ထားတာတွေ သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိရင် ပစ္စည်းတွေကို သိမ်းဆည်းတဲ့အပြင် ပြည်ဝင်ခွင့်ပိတ်ပင်တာ၊ ဒဏ်ငွေဝမ်သိန်း ၁၀၀ အထိချမှတ် အရေးယူတာမျိုး လုပ်လေ့ရှိပါတယ်။