၂၀၀၈ ခြေဥ ပြင်ဆင်ရေးအတွက် လုပ်ဆောင်မယ်လို့ စစ်အုပ်စုရဲ့ လွှတ်တော်က ဆို
စစ်အုပ်စု ကိုင်စွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတွင်း ပြင်ဆင်ဖြည့်စွက်သင့်တဲ့ အချက် (၄၃) ချက်ကို ဥပဒေပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း စစ်အုပ်စုရဲ့ ပြည်ထောင်စုလွှတ်တော်နာယကက အသိပေးကြေညာပြောကြားခဲ့ပါတယ်။
စစ်အုပ်စုရဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစည်းအဝေးမှာ စစ်အုပ်စုလွှတ်တော်နာယကက လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြင်ဆင်ဖြည့်စွက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုလွှတ်တော်နာယကထံ ပေးပို့လာတဲ့ သဝဏ်လွှာကို စစ်အုပ်စုရဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) အရ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ အချက် ၄၃ ချက်မှာ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နဲ့ သက်ဆိုင်တဲ့အချက် ၁၆ ချက်၊ ပုဒ်မ ၄၃၆ (ခ) နဲ့ သက်ဆိုင်တဲ့အချက် ၂၇ ချက်တို့ ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါ ပြင်ဆင်ဖြည့်စွက်မယ့် အချက်တွေဟာ စစ်အုပ်စုရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီ ဆိုတဲ့ ငြိမ်းချမ်းရေးဗဟိုကော်မတီသုံးရပ်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာကနေ ပေါ်ထွက်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်မှာ စစ်အုပ်စုက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီးနောက် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့၊ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၃) ဖွဲ့တို့နဲ့ စုစုပေါင်း ၂၈ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ အစုအဖွဲ့တွေ၊ အလုပ်အဖွဲ့တွေနဲ့ စုစုပေါင်း ၁၄ ကြိမ် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ပြီး EAO တွေနဲ့ ညှိနှိုင်းရရှိခဲ့တဲ့ အချက်တွေအပါအဝင် နိုင်ငံရေးပါတီများအစုအဖွဲ့နဲ့ ညှိနှိုင်းရရှိခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ အချက် ၄၃ ချက်ကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ အချက် ၄၃ ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ပုဒ်မ ၄၃၄ အပြင် ပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဥပဒေပြုရန် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း စစ်အုပ်စုရဲ့ ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။
