စစ်အုပ်စုက မှောင်ရိပ်ခိုပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို လိုက်လံ ဖျက်ဆီးနေမှုအပေါ် NLD ရှုတ်ချ
စစ်အုပ်စုနဲ့ လက်ပါးစေတွေဟာ ညအမှောင်ကို အကာအကွယ်ယူပြီး နိုင်ငံရဲ့ နေရာဒေသအနှံ့အပြားမှာရှိတဲ့ အများပြည်သူပိုင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို နေ့စဉ်ဖြိုချဖျက်ဆီးနေမှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ဇူလိုင်လ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးအတွက် ပြည်ထောင်စုကို စုစည်းပေးခဲ့တဲ့ လွတ်လပ်ရေးဗိသုကာဖြစ်သလို တပ်မတော်ရဲ့ ဖခင်လည်းဖြစ်ကြောင်း၊ ပြည်သူလူထုက နောင်လာနောက်သားတွေအတွက် စံပြုပုဂ္ဂိုလ်အဖြစ် ဗိုလ်ချုပ်ရုပ်ပုံလွှာတွေကို အမျိုးသားရေးသွင်ပြင်လက္ခဏာနဲ့ မြန်မာ့သမိုင်းရဲ့ သင်္ကေတအဖြစ် အထွတ်အမြတ် ဆောင်ကြဉ်းထားကြတာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်သူ့ပါတီဖြစ်တဲ့ NLD အနေနဲ့လည်း ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ၊ ပြည်သူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ထည့်ဝင်ငွေတွေနဲ့ ဗိုလ်ချုပ်ရုပ်ထု တည်ဆောက်ရေးလုပ်ငန်းတွေကို လုပ်ထုံးလုပ်နည်းတွေအတိုင်း ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယခုလိုမျိုး စစ်အုပ်စုက စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်သာယာရေးဝန်ထမ်းတွေကို အသုံးပြုပြီး ဗိုလ်ချုပ်ရုပ်တုတွေကို ဖျက်ဆီးနေတာဟာ အများပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးခြင်းဖြစ်သလို၊ မြန်မာ့သမိုင်းရဲ့ သင်္ကေတနဲ့ ပြည်သူလူထုရဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေကိုပါ ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးဖျက်ဆီးနေတာ ဖြစ်တယ်လို့ NLD က ထောက်ပြထားပါတယ်။
ယခုလုပ်ရပ်တွေကို ညွှန်ကြားသူတွေနဲ့ ပူးပေါင်းပါဝင်သူတွေကို ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သတိပေးထုတ်ပြန်ထားပါတယ်။
ဗိုလ်ချုပ်ရုပ်တုတွေ ဖျက်ဆီးနေမှုတွေကို စစ်အုပ်စုက ဦးဆောင်ပြုလုပ်တဲ့ ၂၀၂၅-၂၆ ရွေးကောက်ပွဲကတစ်ဆင့် မင်းအောင်လှိုင်ဟာ ကိုယ်တိုင်သမ္မတရာထူး ခန့်အပ်ပြီးနောက်ပိုင်းမှာ ယခုလို ညအချိန်မတော် မီးအမှောင်ချပြီး ဗိုလ်ချုပ်ရုပ်တုတွေ ဖယ်ရှားရှင်းလင်းမှုကို အရှိန်မြှင့်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာတင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့က ဗိုလ်ချုပ်ကြေးရုပ် ရှစ်ခုကျော် ဖယ်ရှားခံခဲ့ရပြီး ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်းကလည်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ မန္တလေးတိုင်း သာစည်မြို့၊ ပဲခူးမြို့နဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့တို့က ဗိုလ်ချုပ်ရုပ်တု လေးခုကျော် ဖယ်ရှားခံခဲ့ရတာကြောင့် ဖယ်ရှားဖျက်ဆီးခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စုစုပေါင်း ၁၂ ခုကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။
