ထမင်းမချက်ပေးလို့ဆိုကာ  PDF တပ်စိပ်မှူးက ရပ်ကျေးပလဖအဖွဲ့ဝင်အား ဖမ်းဆီးပြီးရိုက်နှက်

Author CJ Platform
Categories
Published on Jul 09, 2026

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်စိပ်မှူးတစ်ဦးနဲ့ ရပ်ကျေးအဖွဲ့ဝင်တွေအကြားမှာ အငြင်းပွားမှုဖြစ်ပွားရာကနေ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင်တစ်ဦးကို ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က စစ်ကြောင်းစုဖွဲ့မှု ပြုလုပ်နေစဉ်အတွင်း လူငယ်တပ်စိပ်မှူးတစ်ဦးနဲ့ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့အကြား ထမင်းချက်ပေးရမယ့် ကိစ္စရပ်နဲ့ ပတ်သက်ပြီး အပြန်အလှန် အငြင်းပွားမှု စတင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

“PDF ရဲဘော်က ပလဖ အဖွဲ့ဝင်ကို ဖမ်းဆီးပြီး ရက်ရက်စက်စက် လုပ်ထားတာပါ။ အခု အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပွတ်တိုက်မှုတွေ ဖြစ်နေတယ်။ တရားရေးဌာနကလည်း အခြေအနေကို ထိန်းထားပါတယ်။ ထမင်းမချက်ပေးလို့ဆိုပြီး လုပ်ရတဲ့အကြောင်းရင်းက ဟိုဘက်ကလည်း သူတို့ချက်ရမယ့် တာဝန်ပြီးဆုံးသွားလို့လို့ ပြောတယ်။ လုပ်ရက်ကတော့ တော်တော်လေး ဆိုးဆိုးရွားရွားပါပဲ” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ယခုလုပ်ရပ်အပေါ် ဒေသခံ ပကဖအဖွဲ့ဝင်အချို့နဲ့ ပြည်သူတွေအကြား ဝေဖန်မှုတွေ ပြင်းထန်စွာ ဖြစ်ပေါ်နေပြီး၊ တရားရေးဌာနဘက်ကလည်း အဆိုပါဖြစ်စဉ်ကို ထိန်းသိမ်းကိုင်တွယ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆက်လက်ပြောပြပါတယ်။

 

လက်ရှိအချိန်မှာ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်ဖွဲ့ဘက်က ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပြီးစီးပြီလို့ သိရသော်လည်း၊ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကလည်း သက်ဆိုင်ရာ မြို့နယ်အဆင့် တာဝန်ရှိအဖွဲ့အစည်းတွေနဲ့ ဖြစ်စဉ်အတွင်း ပါဝင်သူတွေ၊ ဒေသခံပြည်သူတွေပါ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ အခြေအနေကို သိရှိသူတစ်ဦးက “အဓိက တပ်စိပ်၊ တပ်ခွဲတွေ အမြဲတမ်းရှိတဲ့နေရာမှာ ပွတ်တိုက်မှုလေးတွေ ရှိသွားတာပါ။ တစ်ခါတလေကျတော့ မြေပြင်က တပ်မှူးငယ်လေးတွေရဲ့ ဆုံးဖြတ်တာ၊ လုပ်တာကိုင်တာတွေကို အထက်အဖွဲ့အစည်းတွေက ထိန်းကျောင်းပေးဖို့ အကြံပြုချင်ပါတယ်။ ဘာအပြစ်ပဲရှိရှိ သက်ဆိုင်ရာ တိုက်နယ်၊ မြို့နယ် ပအဖတွေနဲ့ စနစ်တကျ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပေမဲ့ အခုလို အမြဲတမ်းအခြေစိုက်တဲ့ တပ်စိပ်၊ တပ်ခွဲတွေက မြေပြင်တပ်မှူးငယ်တွေမှာ ညှိနှိုင်းမှုအပိုင်း အားနည်းချက်တွေ ရှိနေတယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

 

တော်လှန်ရေးကာလအတွင်း မြေပြင်အင်အားစုများအကြား လုပ်ပိုင်ခွင့်နဲ့ တာဝန်ယူမှုအပိုင်း လွဲမှားကာ ယခုလိုမျိုး လူ့အခွင့်အရေးချိုးဖောက်တဲ့ ပြင်းထန်တဲ့ နှိပ်စက်မှုတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် မြေပြင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ကျင့်ဝတ်နဲ့ လုပ်ဆောင်ချက်တွေကို စနစ်တကျ ထိန်းကျောင်းကြပ်မတ်ပေးဖို့ လိုအပ်ကြောင်း ထောက်ပြဝေဖန်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

 

ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံအပါအဝင် သတင်းအရင်းမြစ် သုံးဦးဆီက ဖြစ်စဉ်အမှန်တကယ် ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပေမဲ့လည်း အခြေအနေအသေးစိတ်ကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ဆက်သွယ်မေးမြန်းနိုင်ဖို့အတွက် ဆက်လက်ကြိုးစားနေဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်