မင်းအောင်လှိုင်ကို ဖမ်းဆီးရေးနဲ့ ပြည်သူတွေကို R2P နဲ့ ကာကွယ်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ တိုက်တွန်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြည်သူတွေအပေါ် ကြီးလေးသော ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ကို ဖမ်းဆီးရန် တရားစွဲအရာရှိရဲ့ တင်သွင်းလျှောက်ထားမှုအပေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေဖြင့် အလေးအနက်ထား ဆောင်ရွက်ပေးဖို့နဲ့ အားနည်းချိနဲ့နေတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာအသိုက်အဝန်းက R2P (ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှု) မူဘောင်ဖြင့် မဖြစ်မနေ အကာအကွယ်ပေးရန် ပြတ်ပြတ်သားသား တိုက်တွန်းနှိုးဆော်ထားပါတယ်။
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အစီအစဉ်အမှတ် (၁၃၁) ဖြစ်တဲ့ “အကာအကွယ်ပေးရန် တာဝန်ရှိမှု (R2P) နှင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစုသန့်စင်ရေးနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာ” မျက်နှာစုံညီ အစည်းအဝေးမှာ သံအမတ်ကြီးက ပါဝင်တက်ရောက် မိန့်ခွန်းပြောကြားစဉ်အတွင်း ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
သံအမတ်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူတွေကို ကာကွယ်ရန်နဲ့ တာဝန်ခံမှုကွာဟချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ရောမစာချုပ်နဲ့အညီ ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို ၂၀၂၁ ခုနှစ်ကတည်းက ပေးအပ်လက်ခံထားပြီးဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။ ထို့ပြင် ပြည်သူတွေအပေါ် ကြီးလေးသော ရာဇဝတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ဦးဆောင်ကျူးလွန်နေတဲ့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ကို ဖမ်းဆီးရန် ICC တရားစွဲအရာရှိမှ တင်သွင်းလျှောက်ထားမှုအပေါ် အလေးအနက်ထားပြီး ထိရောက်ပြတ်သားစွာ ဆောင်ရွက်ပေးရန် အထူးပြုတိုက်တွန်းခဲ့ပါတယ်။
ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ဟာ သက်ဆိုင်ရာနိုင်ငံတွေမှာ ရှိပေမဲ့လည်း မြန်မာနိုင်ငံရဲ့ စစ်အုပ်စုကိုယ်တိုင်က အရပ်သားတွေကို ပြန်လည်သတ်ဖြတ်ကာ တာဝန်ထမ်းဆောင်ရန် လုံးဝပျက်ကွက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝန်း အနေဖြင့် မျက်ကွယ်ပြုမနေဘဲ အားနည်းချိနဲ့နေတဲ့ ပြည်သူတွေကို မဖြစ်မနေ တာဝန်ယူသင့်ကြောင်းနဲ့ မြန်မာပြည်သူတွေဟာ သူတို့ကို ကာကွယ်စောင့်ရှောက်ပေးရန် နိုင်ငံတကာအထိ ရှင်းလင်းကျယ်လောင်စွာ ဆက်တိုက်တောင်းဆိုနေဆဲ ဖြစ်ကြောင်းကိုလည်း သံအမတ်ကြီးက ဆိုပါတယ်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၈,၁၀၀ ကျော်ကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပေါင်း ၇၀ အတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှု ၁,၁၄၇ ကြိမ်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀ ကြိမ်ဖြင့် ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ယခုလို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဆင့်ထိ ရောက်ရှိလာတဲ့ စစ်အုပ်စုရဲ့ ကြီးလေးသော ဥပဒေချိုးဖောက်မှုတွေကို ကုလသမဂ္ဂက အကြိမ်ကြိမ် မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။
အာဏာသိမ်းပြီး ငါးနှစ်ကျော်ကြာသည့်တိုင် အာဆီယံဘုံသဘောတူညီချက်တွေနဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေဟာ မြေပြင်အခြေအနေအရ လုံးဝမလုံလောက်ကြောင်း ထင်ရှားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အခန်း (၇) အောက်မှ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အသစ် ချမှတ်ကာ စစ်အုပ်စုထံ လက်နက်၊ ခဲယမ်းနဲ့ လေယာဉ်ဆီ စီးဆင်းနေမှုတွေကို ချက်ချင်းရပ်တန့်ရန် ခိုင်မာသောအရေးယူမှုများ မဖြစ်မနေ လိုအပ်နေပြီဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ အသက်နဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ R2P အကောင်အထည်ဖော်မှုဟာ ကြာမြင့်စွာ နှောင့်နှေးနေပြီဖြစ်ရာ ယခုအချိန်ဟာ လက်တွေ့ချက်ချင်း ကာကွယ်ပေးရမည့်အချိန် ဖြစ်ကြောင်းကိုလည်း သံအမတ်ကြီးက အလေးအနက် ပြောကြားခဲ့ပါတယ်။
မည်သည့်နိုင်ငံမဆို စစ်အုပ်စုနဲ့ မဆင်မခြင် ဆက်ဆံရေးများ ပြုလုပ်ခြင်းဖြင့် စစ်အုပ်စုရဲ့ ဆက်လက်ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ သွယ်ဝိုက်ပြီး ပါဝင်ပတ်သက်မှု မလုပ်သင့်ကြောင်းနဲ့ အဲဒီလို ဆောင်ရွက်မှုတွေဟာ မြန်မာ့သမိုင်းမှာ ကမ္ပည်းကျန်ရှိနေမည်ဖြစ်ကာ မြန်မာပြည်သူတွေက နာကြည်းခါးသီးစွာဖြင့် အမြဲအမှတ်ရနေကြမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြင်းထန်စွာ သတိပေးပြောကြားသွားခဲ့ပါသေးတယ်။
