စစ်အုပ်စုကြောင့် ပြည်သူတွေမှာ သာယာဝပြောရေးထက် ရှင်သန်ရေးအတွက်သာ ရုန်းကန်နေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ပြော

Author CJ Platform
Categories
Published on Jul 17, 2026

မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းမှုနဲ့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ယခင်က ကျားကုတ်ကျားခဲ ကြိုးပမ်းရရှိခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုတွေဟာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူတွေအနေနဲ့ ဘဝ သာယာဝပြောရေးအတွက် ဦးတည်ဆောင်ရွက်ရမယ့်အစား ရှင်သန်ရပ်တည်ရေးအတွက်ကိုသာ နာကျင်စွာ ရုန်းကန်နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

 

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဇူလိုင် ၇ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ စီးပွားရေးနှင့် လူမှုရေးကောင်စီရဲ့ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်သော အဆင့်မြင့် နိုင်ငံရေးဆိုင်ရာ ဖိုရမ် (၂၀၂၆ ခုနှစ်) ရဲ့ ဝန်ကြီးများအဆင့် ဆွေးနွေးမှုအစီအစဉ်မှာ ယခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်း အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ရာမှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဖြစ်စဉ် စတင်ချိန်ကတည်းက ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၅၀ ရာခိုင်နှုန်းဝန်းကျင်အထိ မြင့်တက်လာခဲ့ကြောင်း ထောက်ပြပြောဆိုထားပါတယ်။

 

စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေနဲ့ မလုံခြုံမှုတွေကြောင့် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း တိုင်းပြည်လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ အလွန်အမင်း ဆိုးရွားတဲ့ အစာရေစာ မပြည့်ဝမှုကို ရင်ဆိုင်နေရကြောင်း၊ ပြည်သူ ၈,၁၀၀ ကျော်ဟာ စစ်အုပ်စုရဲ့ အကြမ်းဖက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး၊ ၃.၇ သန်းကျော်မှာ ပြည်တွင်းနေရပ်စွန့်ခွာ ပြေးလွှားနေရကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ကလေးသူငယ် ၁ သန်းကျော်ဟာ အရေးကြီးတဲ့ ကာကွယ်ဆေးထိုးနှံခွင့် ဆုံးရှုံးနေပြီး၊ ကျောင်းနေအရွယ် ကလေးနဲ့ လူငယ် ၆ဒသမ၃ သန်းကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း၊ အိမ်ထောင်စု ၄၀ ရာခိုင်နှုန်းကျော် သောက်သုံးရေသန့် မရရှိတော့ဘဲ၊ လူငယ်လူရွယ် ၅ သိန်းခန့်မှာ စစ်အုပ်စုရဲ့ အဓမ္မတပ်သား စုဆောင်းမှုကြောင့် ပြည်တွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

 

သံအမတ်ကြီးက စစ်အုပ်စုဟာ သူတို့ရဲ့ အမည်နာမ ဒါမှ မဟုတ် ဖွဲ့စည်းပုံကို မည်သို့ပင် ဟန်ပြပြောင်းလဲ ပြင်ဆင်နေပါစေ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု၊ မတည်ငြိမ်မှုနဲ့ တိုးတက်မှုကျဆင်းခြင်းတွေရဲ့ အဓိက တရားခံဖြစ်ကြောင်း အထင်အရှား ပြသနေတယ်လို့ ဆိုထားပါတယ်။

 

နိုင်ငံတကာ အသိုက်အဝန်းရဲ့ အချိန်နဲ့တစ်ပြေးညီ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ မရှိတာကြောင့် မြန်မာနိုင်ငံမှာ မျိုးဆက်တစ်ခုလုံး ဆုံးရှုံးရမယ့် ကြီးလေးတဲ့ အန္တရာယ်ဆိုး ဖြစ်ပေါ်နေပြီး၊ မည်သည့် ဒေသတွင်းနဲ့ နိုင်ငံတကာ အားထုတ်ကြိုးပမ်းမှုမျိုးမဆို ပြဿနာရဲ့ ဇစ်မြစ် (စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး) ကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မယ့် အဆင့်တွေ ပါဝင်ရန် လိုအပ်ကြောင်း သူက အလေးအနက် တိုက်တွန်းခဲ့ပါတယ်။

 

လက်ရှိမှာ စိန်ခေါ်မှုများစွာ ရှိနေပေမဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေး ပန်းတိုင်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အဓိက တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီအောက်မှာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

 

ဆက်လက်ပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်လာစေဖို့ ကြိုးပမ်းနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီနဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးကူညီ ထောက်ခံအားပေးဖို့ကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းမှာ တောင်းဆို တိုက်တွန်းခဲ့ပါတယ်။

 

ဓာတ်ပုံ – NUG