ပြည်သူအချို့ အဟာရပြတ်ပြီး သေဆုံးနေချိန် လူတိုင်း လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးမယ်လို့ မင်းအောင်လှိုင်ပြော
မြို့ပြနဲ့ ကျေးလက်ဒေသမကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဇူလိုင် ၁၆ရက် မနက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သူနာပြုသိပ္ပံကျောင်းဖွင့်ပွဲ အခမ်းအနားမှာ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။
“နိုင်ငံတော်ရဲ့ ကျန်းမာရေးစနစ် ပိုမိုတောင့်တင်းခိုင်မာလာစေရေးနဲ့ မြို့ပြ၊ ကျေးလက်မကျန် ပြည်သူတိုင်း လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် အရည်အသွေးပြည့်ဝပြီး လူသားချင်းစာနာစိတ်ရှိတဲ့ သူနာပြုနဲ့ သားဖွားပညာရှင်တွေကို တိုးမြှင့်လေ့ကျင့် မွေးထုတ်ပေးကြဖို့ လိုအပ်ပါတယ်။ မြို့ပြနဲ့ ကျေးလက်ပါမကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ပေးနိုင်ရန် ဆောင်ရွက်နေပါတယ်” လို့ သူက ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းသွားခဲ့ပြီး၊ စစ်အုပ်စုလက်အောက်ခံ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းအချို့က ဆင်းရဲနွမ်းပါးတဲ့ လူနာတွေကို ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေတာကြောင့် မသေသင့်ဘဲ သေဆုံးခဲ့ရတဲ့ လူနာတွေ အများအပြား ရှိနေတယ်လို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့သူ တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကျေးလက်ဒေသကိုတော့ မပြောနဲ့တော့၊ ရန်ကုန်ဆေးရုံကြီးလို မြို့ပြမှာတောင် ဆေးရုံတက်တဲ့သူတွေအနေနဲ့ ငွေကြေးမရှိရင် အသက်ဆက်ရှင်ဖို့ မလွယ်ကူပါဘူး။ အခြေခံလူတန်းစားဘဝက ပိုက်ဆံမရှိဘဲ ဆေးရုံသွားတက်ရင် သေလူနဲ့ အတူတူပါပဲ။ ဝန်ထမ်းတွေရဲ့ ဆဲဆိုမှုတွေကလည်း အရမ်းကို များပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီ ဖြစ်စဉ်မျိုးတွေကို အစိုးရဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေကြရတဲ့ ပြည်သူတိုင်းလိုလို ကြုံတွေ့နေရတာ ဖြစ်တယ်လို့လည်း သူက ဆက်လက်ပြောပါတယ်။
စစ်ခေါင်းဆောင်ကတော့ ၂၀၂၆ ခုနှစ် ပညာသင်နှစ်မှာ သူနာပြု – သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းမှာ ကျောင်းသားကျောင်းသူ ၅,၉၄၆ ဦးနဲ့ ဘက်စုံသားဖွား ဒီပလိုမာ (၂) နှစ်သင်တန်းမှာ ၁,၀၃၅ ဦးကို လေ့ကျင့်သင်ကြားပေးနေပြီး၊ ၂၀၂၇ ပညာသင်နှစ်မှာ ၄,၀၀၀ ကျော်အထိ တိုးမြှင့်ခေါ်ယူသွားမယ်လို့ ပြောပါတယ်။ ယနေ့ နံနက်ပိုင်းမှာပဲ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ သူနာပြုသိပ္ပံကျောင်း ၁၄ ကျောင်းကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက ရန်ကုန်မြို့မှာ အနှေးယာဉ်လုပ်သားတစ်ဦး အနှေးယာဉ်နင်းနေစဉ် အဟာရပြတ်ကာ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။
ဓာတ်ပုံ – SAC/Pro
