အမေရိကန် အခြေစိုက် NED က ပေးအပ်တဲ့ ဒီမိုကရေစီဆုကို ကိုနန်းလင်း လက်ခံရယူမယ် 

Author CJ Platform
Categories
Published on Jul 08, 2026

အမေရိကန်အခြေစိုက် National Endowment for Democracy (NED) အဖွဲ့က ပေးအပ်ချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ်အတွက် ထင်ရှားကျော်ကြားသော ဒီမိုကရေစီဆု (2026 Democracy Award) ကို မြန်မာ့နွေဦးတော်လှန်ရေးမှ ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှု ဦးဆောင်သူတွေကိုယ်စား လူငယ်တက်ကြွလှုပ်ရှားသူ ကိုနန်းလင်း က လက်ခံရယူသွားမယ်လို့ သိရပါတယ်။ 

 

အခုဆုချီးမြှင့်ခြင်းနှင့် ပတ်သက်ပြီး လာမယ့် စက်တင်ဘာလမှာ ကျင်းပမည့် ဆုချီးမြှင့်ပွဲအခမ်းအနားမတိုင်မီ ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

 

NED အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဗဟိုချက်မတစ်ခုတည်းအပေါ် မမှီခိုတဲ့ အကြမ်းမဖက် ငြိမ်းချမ်းသော ဆန္ဒပြပွဲတွေကို အလွန်အမင်း ဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှာ နှစ်ပေါင်းများစွာ စနစ်တကျ စီစဉ်လုပ်ဆောင်ပြီး လူထုလှုပ်ရှားမှုတွေ ဆက်လက်ရှင်သန်နေစေဖို့ ရုန်းကန်ကြိုးပမ်းကြတဲ့အတွက် မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုကို ယခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

အခုဆုနှင့် ပတ်သက်ပြီး လူငယ်တက်ကြွလှုပ်ရှားသူ ကိုနန်းလင်း က “လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကို မျှော်ရည်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတစ်ရပ်လုံးနဲ့တကွ ရဲဘော်ရဲဘက်အားလုံးရဲ့ ကိုယ်စား ဒီဆုကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် လက်ခံရယူပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

 

ဒါ့အပြင် ကိုနန်းလင်း က တော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ရတဲ့ အာဇာနည်တွေဖြစ်ကြတဲ့ မမြသွဲ့သွဲ့ခိုင်၊ မကြယ်စင်၊ အားခူ တို့အပါအဝင် အကျဉ်းထောင်တွေအတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဆပ်နေကြသူတွေ အားလုံးရဲ့ သတ္တိဂုဏ်ကို အလေးအမြတ်ပြု ဦးညွှတ်ကြောင်းနဲ့ အဓမ္မစစ်မှုထမ်းစနစ်၊ လေကြောင်းဘေးအန္တရာယ်နဲ့ စီးပွားရေးကျဆင်းမှု ဒုက္ခဆိုးတွေကြားထဲကနေ “အသံမတိတ်၊ အလံမလိပ်စတမ်း” ရုန်းကန်နေရတဲ့ ပြည်သူတွေနဲ့အတူ အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကတိပြုပြောဆိုထားပါတယ်။

 

ယခုနှစ်ဟာ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေး (၂၅၀) ပြည့်မြောက်တဲ့ အထိမ်းအမှတ်နှစ် ဖြစ်တဲ့အတွက် NED ဒါရိုက်တာဘုတ်အဖွဲ့ဟာ ကိုးကွယ်ယုံကြည်မှု လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ စုဝေးခွင့် စတဲ့ အခြေခံဥပဒေ ပထမပြင်ဆင်ချက်ပါ လွတ်လပ်ခွင့်တွေကို ရှေ့တန်းကနေ ကာကွယ်စောင့်ရှောက်နေကြတဲ့ ကမ္ဘာတစ်ဝှမ်းမှ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ကိုနန်းလင်းFacebook 

 

Related News

Depend on news